ကော့သောင်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲနှင့် ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်

ကော့သောင်း ဇူလိုင် ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲနှင့် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက သီရိမြိုင်ရပ်ကွက်၊ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် ပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ ဂိတ်မှူးများ၊ ယာဉ်မောင်းများနှင့် ယာဉ်အကူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲတွင် ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသိန်းအေးထွန်းက မော်တော်ယာဉ် နည်းဥပဒေအခန်း (၉) ပါ စီးပွားရေးလုပ်ငန်းသုံး မော်တော်ယာဉ်များ လိုက်နာရမည့်စည်းကမ်းချက်များ၊ ဥပဒေနှင့်မညီညွှတ်သည့် တားမြစ်ကုန်ပစ္စည်းများ တင်ဆောင်မောင်းနှင်စေမှု မရှိစေရေး၊ ယာဉ်တိုက်ခိုက်မှုကြောင့် လူသေဆုံးမှု လျော့နည်းကျဆင်းစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် Quick Win (၅) ချက်၊ မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းပါက ဆိုင်ကယ်စီးဦးထုပ်အား မေးသိုင်းကြိုး တင်းကျပ်စွာ  ချည်နှောင်၍ စီးနင်းစေရေး၊ မော်တော်ယာဉ်မောင်းနှင်သူနှင့် စီးနင်းသူအားလုံး အသက်ကယ် ခါးပတ်အသုံးပြုစေရေး၊ အရက်သေစာ မူးယစ်သောက်စား မောင်းနှင်မှုမရှိစေရေး။ ယာဉ်မောင်းနှင်နေစဉ် လက်ကိုင်ဖုန်း အသုံးမပြုစေရေး၊ အရှိန်ပြင်းစွာ မောင်းနှင်မှုမရှိစေရေးတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ်နေလင်းအောင်က မော်တော်ဆိုင်ကယ်မောင်းလျှင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန်၊ ယာဉ်မောင်းလိုင်စင်ပါရှိရန်၊ အသက်ကယ်ခါးပတ်ပတ်ရန်နှင့် မီးပွိုင့်တွင် လိုက်ရမည့်စည်းကမ်းများကို ပညာပေးဟောပြောခဲ့သည်။ ယင်းနောက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနမှ ယာဉ်မောင်းစစ်ဆေးရေးမှူး ဦးနောင်နောင်က လမ်းညွှန်းအမှတ်အသား၊ အချက်ပြများ အကြောင်းပြောကြားနောက် တာဝန်ရှိသူများက ခရီးစဉ် မထွက်ခွာမီ အငှားခရီးသည်ယာဉ်များအား ယာဉ်မောင်းသူနှင့်စီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ် တပ်ဆင်မှုရှိ၊ မရှိ၊ ယာဉ်မောင်း အရက်သေစာ သောက်စားမှုရှိ၊ မရှိ အရေးပေါ်ထွက်ပေါက်မှန်ခွဲတူ၊ မီးသတ်ဆေးဘူး၊ တာယာများ၊ ရောင်ပြန်များ၊ အချက်ပြမီးများ ကောင်းမွန်မှု ရှိ၊ မရှိ၊ ယာဉ်မောင်းသူနှင့် ယာဉ်အကူလိုင်စင်ရှိ/မရှိ၊ သက်တမ်းရှိ မှတ်ပုံတင်ယာဉ် ဟုတ်/မဟုတ်တို့ စစ်ဆေးခဲ့ကြောင်းသိရှိရသည်။

ခရိုင်(ပြန်/ဆက်)