ဖျာပုံ ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဖျာပုံခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် အမာမြို့ ငါးလုပ်ငန်းဦးစီးဌာနနှင့် အင်းသားကြီးများ ပူးပေါင်း၍ ဖျာပုံမြို့ အမှတ် (၁၂)ရပ်ကွက် ဒုတိယလမ်းမကြီးဘေးရှိ အခွန်လွတ်စျေးတွင် ပြည်သူများ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ဘော့ချိတ်ပုစွန် (၁)ပိဿာလျှင် ငွေ (၈၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက် (၇)နာရီခွဲ အချိန်က အဆိုပါ အခွန်လွတ်စျေးတွင် ရောင်းချပေးခဲ့သည်။
ထိုသို့ ပြည်သူများ သက်သာသောစျေးနှုန်းဖြင့် ဘော့ချိတ်ပုစွန်များ ရောင်းချပေးရာတွင် အမာမြို့ ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူး ဦးသန်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အင်းသားကြီးများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက လူတစ်ဦးလျှင် ဘော့ချိတ်ပုစွန် (၂၅)ကျပ်သားကို ငွေကျပ်(၂၀၀၀)ဖြင့် ဘော့ချိတ်ပုစွန် ပိဿာချိန် (၂၅)ပိဿာကို အမှတ်(၁၂)ရပ်ကွက်၊ ဒုတိယလမ်းမကြီးဘေးအခွန်လွတ်စျေးတွင် ဖြန့်ဖြူး ရောင်းချပေးခဲ့ကြသည်။ အမာမြို့ ငါးလုပ်ငန်းဦးဌာနအနေဖြင့် မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများရှိ အခြေခံလူတန်းစား အိမ်ထောင်စုများကိုလည်း သက်သာသောစျေးနှုန်းဖြင့် ဘော့ချိတ်ပုစွန်များကို ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း၊ အမာမြို့ ငါးလုပ်ငန်းဦးစီးဌာနရုံးမှ သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)