တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မိုးစပါးစိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင် (သမဝါယမကဏ္ဍ)မှ မြိတ်မြို့နယ် စိုက်ဧက(၃၀၀၀)အတွက် တစ်ဧကအထွက်နှုန်းတိုးစေရန် ကျပ်သန်း(၆၀၀)နှင့် ညီမျှသော မျိုးစပါး၊ သွင်းအားစုပေးအပ်ပွဲတက်ရောက်

မြိတ် ဇူလိုင် ၂၄

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး တရားလွတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင်(၂၂)ရက်က မြိတ်မြို့ ပုလဲရတနာခန်းမ၌ကျင်းပသည့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင်(သမဝါယမကဏ္ဍ)မှ မြိတ်မြို့နယ် စိုက်ဧက (၃၀၀၀)အတွက် တစ်ဧကအထွက်နှုန်းတိုးစေရန် ကျပ်သန်း (၆၀၀)နှင့် ညီမျှသော မျိုးစပါး၊ သွင်းအားစုပေးအပ်ပွဲသို့ တက်ရောက်ခဲ့ကြသည်။

ပေးအပ်ပွဲတွင် ဝန်ကြီးချုပ်ဦးမြတ်ကိုက စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာမှာ တစ်ဦးတစ်ယောက်တည်း မဆောင်ရွက်နိုင်တဲ့ကိစ္စများကို အသင်းအဖွဲ့ပုံစံဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်နိုင်ရန် သမဝါယမအသင်းများက စုပေါင်းအင်အားနဲ့ ညီညီညွှတ်ညွှတ်ကြိုးပမ်းဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ သမဝါယမကလက်တွေ့ဆောင်ရွက်နေတဲ့ လုပ်ငန်းများသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက်သော်လည်းကောင်း၊ တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် သော်လည်းကောင်း၊ တစ်ဧကအထွက်နှုန်းတိုးတက်စေရေးအတွက်လည်းကောင်း၊ လွန်စွာလက်တွေ့ကျပြီး မှန်ကန်တဲ့အခြေခံလုပ်ငန်းများ ဖြစ်တာကိုတွေ့ရှိရကြောင်း၊ ဒီလုပ်ငန်းများအောင်မြင်လာတာနဲ့အမျှ နိုင်ငံတော်ရဲ့ရည်မှန်းချက်ဖြစ်တဲ့ ဆင်းရဲမှုလျှော့ချနိုင်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်ပြီး ပြည်သူများရဲ့ လူမှုစီးပွားဘဝမှာလည်း အမှန်တကယ်ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း ပြောကြားသည်။

ထိုနောက် သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းက မျိုးစပါး၊ သွင်းအားစုများ မတည်ရင်းနှီးချေးငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွတ်တော် တရားသူကြီးချုပ်၊ ဝန်ကြီးများနှင့်တာဝန်ရှိသူများက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ (သမဝါယမကဏ္ဍ)ဖြင့် မြိတ်မြို့နယ်အတွင်း ကျေးရွာများရှိ သမဝါယမအသင်း၊ အစုအဖွဲ့များမှ အသင်းသား တောင်သူ(၃၁၀)ဦးအား မိုးစပါးစိုက်ဧက(၃၀၀၀)အတွက် လိုအပ်လျက်ရှိသည့် တန်ဖိုးငွေကျပ်သန်း(၆ဝဝ)နှင့် ညီမျှသော မျိုးစပါး(၂၃၃၇) တင်း၊ ပုလဲဓါတ်မြေဩဇာ(၁၉၀)အိတ်၊ ကွန်ပေါင်းဓါတ်မြေဩဇာ(၅၃၃၄)အိတ်၊  သဘာဝမြေဩဇာ(၇၁၂)အိတ်ကို မတည်ထုတ်ချေး ထောက်ပံ့ပေးအပ်ခဲ့ကြရာ အသင်းသားတောင်သူများကိုယ်စား တောင်သူဦးအောင်ဝင်းနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သမဝါယမဦးစီးဌာန၊  ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊  အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့မှ ခန်းမအတွင်းပြသထားသည့် အရှိန်အဟုန်ဖြင့် ရှေရှည်ဖွံ့ဖြိုးတိုးတက်ရေး သမဝါယမများကဆောင်ရွက်ပေး၊ သမဝါယမကဏ္ဍ မိုးစပါးတစ်ဧကအထွက်နှုန်းတိုးတက်ရေး မတည်ချေးငွေထုတ်ချေးပေး၊ ဒေသဝမ်းစာဖူလုံရေး သမဝါယမက ကူညီဆောင်ရွက်ပေး ခေါင်းစဉ်များနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်မှုပြခန်းများအား ကြည့်ရှုအားပေးခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း (၂၀၂၃-၂၀၂၄)ဘဏ္ဍာရေးနှစ်၌ သမဝါယမကဏ္ဍမှ စိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်)ဖြင့် မိုးစပါးဧက(၁၀၀၀၀) အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ်သန်း(၉ဝဝ)၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ကျပ်(၃ဝ၈)သန်း စုစုပေါင်း ကျပ်(၁၂၀၈)သန်းဖြင့် မျိုးစပါးနှင့် သွင်းအားစုများကို တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်း(၂၆)သင်းမှ အသင်းသား တောင်သူ(၈၇၀)ဦးအား မိုးစပါးစိုက်ဧက (၆ဝ၄ဝ)အတွက် မတည်ထုတ်ချေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်မိုးစပါး စိုက်ဧက(၃၉၆၀)ဧကအား သမဝါယမအသင်း အချင်းချင်းမှ မျိုးစပါးနှင့် သွင်းအားစုများကို မတည်ထုတ်ချေး ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)