ဂန့်ဂေါ ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ ကျောင်းသူလေးများအား လိမ္မာယဉ်ကျေးသော လူကောင်းလူတော်လေးများ ဖြစ်လာစေရန်ရည်ရွယ်၍ ဂန့်ဂေါခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပညာရေးမှူးရုံးမှဦးဆောင်ကာ ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ယဉ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့ နံနက်(၉)နာရီမှ (၁၁)နာရီထိ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းကို ဂန့်ဂေါခရိုင် ဓမ္မစကူးလ်ကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမင်း ဦးဆောင်သည့် နည်းပြဆရာ/ဆရာမများက သင်တန်းတက်ရောက်လာသည့် GRADE 4, GRADE 5, GRADE 6 မှ ကျောင်းသား/ကျောင်းသူ(၁၀၀)ကျော်ကို သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာနမှ ထုတ်ဝေသည့် “ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ခန်းစာ” စာအုပ်မှ ဗုဒ္ဓဝင်၊ သရဏဂုံသုံးပါးနှင့် ငါးပါးသီလဆောက်တည်ခြင်း သင်ခန်းစာများကို သင်ကြားပို့ချခဲ့သည်။
ထိုသို့ သင်တန်းဖွင့်လှစ်ပို့ချနေမှုများကို မြို့နယ်ပညာရေးမှူး ဦးအောင်ဝင်း၊ အ.လ.က(ခွဲ) စည်ပင်သာယာကျောင်း ယာယီတာဝန်ခံ ကျောင်းအုပ်ဆရာကြီး ဦးဟန်စိုးစိုးနှင့် ဆရာ/ဆရာများက ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ဂန့်ဂေါမြို့ပေါ်တွင် ဖွင့်လှစ်လျက်ရှိသည့် အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း(၇)ကျောင်းတို့တွင် ယဉ်ကျေးလိမ္မာ သင်တန်းကို အပတ်စဉ်စနေနေ့တိုင်း အလှည့်ကျစနစ်ဖြင့် လှည့်လည်၍ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်/ဆက်)