ဧရာတီတိုင်းဒေသကြီးအတွင်းအတွင်းရှိ ကြိုတင်မဲပေးမည့် အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်ပြည်သူ ၆၂၀၀၀၀ ကျော်ရှိ

ပုသိမ်  အောက်တိုဘာလ  ၁၃

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်း Stay at Home မြို့နယ်များ အပါအဝင် ကျန်မြို့နယ်များမှာ ကြိုတင်မဲပေးမည့် အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်ပြည်သူ ၆၂၀၀၀၀ ကျော်ရှိသည်။

“ အဆိုပါ ကြိုတင်မဲပေးမည့် မဲဆန္ဒရှင်ပြည်သူများအနေနဲ့ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ဆန္ဒမဲပြုသွားရမှာဖြစ်ကြောင်း၊ ထိုသို့မဲဆန္ဒပြုရာမှာ တိုင်းဒေသကြီးအတွင်း Stay at Home မြို့နယ် (၃) မြို့နယ်ဖြစ်တဲ့ ပုသိမ်၊ ဖျာပုံ၊ မအူပင် မြို့နယ်များရှိ အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင် ပြည်သူများအနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲမှ အိမ်တိုင်ရာရောက် လိုက်လံကြီးကြပ်ကာ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပြုနိုင်ရန် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ကျန်ရှိတဲ့ အခြားမြို့နယ်များမှာ မဲဆန္ဒရှင်ပြည်သူများအနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးသို့ သွားရောက် ဆန္ဒမဲပြုရမှာဖြစ်ပြီး ကျန်းမာရေး မကောင်သူများအနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲထံသို့ အကြောင်းကြား ထားပါက သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ မှ အိမ်တိုင်ရာရောက် ကြီးကြပ်ကာ ဆန္ဒမဲပြုပေးနိုင်ရန် ဆောင်ရွက် ပေးသွားမှာ ဖြစ်ကြောင်း” တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမြင့်နိုင် က ပြောကြားသည်။

ကိုတွတ် (ပြန်ဆက်)