ပွင့်ဖြူ ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ပွင့်ဖြူမြို့မဈေး အပါအဝင် ကျေးလက်စည်ပင်သာယာဈေး(၄)ခုတွင် ဒေသခံပြည်သူလူထု သား/ငါး ဝယ်ယူစားသုံးရာ၌ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းကစပြီး ဈေးနှုန်း များ သတ်မှတ်ရောင်းချပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။
ထိုသို့ ဒေသခံပြည်သူလူထု စားသောက်ရေး အဆင်ပြေစေရန်နှင့် သား/ငါးများ ဝယ်ယူစားသုံးရာ၌ သက်သာသော ဈေးနှုန်းဖြင့် တစ်ပြေးညီ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့မဈေးအပါအဝင် ကုန်းဇောင်းကျေးရွာ၊ ရှောက်တောကျေးရွာ၊ ကျောင်းတော်ရာကျေးရွာနှင့် လယ်ကိုင်းကျေးရွာရှိ ကျေးလက်စည်ပင်သာယာဈေးများတွင် ဖွင့်လှစ်ရောင်းချနေသည့် သား/ငါး ဈေးဆိုင်ခန်း များတွင် အမဲသား(၁)ပိဿာလျှင် ငွေကျပ် ၁၂၀၀၀၊ ဝက်သား (၁)ပိဿာလျှင် ငွေကျပ် ၁၃၀၀၀၊ ဆိတ်သား(၁)ပိဿာလျှင် ငွေကျပ် ၁၅၀၀၀ ဈေးနှုန်း ဖြင့် ဗီနိုင်းဆိုင်းဘုတ်များချိတ်၍ ဈေးနှုန်းများ လျှော့ချသတ်မှတ်ကာ ရောင်းချပေးနေကြောင်း သိရသည်။
အဆိုပါ စည်ပင်သာယာဈေးများရှိ သား/ငါး ဈေးဆိုင်ခန်းများအလိုက် ဈေးနှုန်းလျှော့ချသတ်မှတ်၍ ရောင်းချပေးနေမှု အခြေအနေအား ယနေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ဦးဆောင်၍ ဝန်ထမ်းများအဖွဲ့က ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များနှင့်အတူ မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး စားသုံးသူပြည်သူလူထု အစားအစာ ဘေးကင်းလုံခြုံရေးအတွက် ရောင်းချ ပေးနေသည့် သား/ငါးများ သန့်ရှင်းလတ်ဆတ်မှု ရှိ/မရှိ၊ ဈေးဆိုင်ခန်းဝန်းကျင် သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ အချိန်အတွယ် မှန်ကန်မှု ရှိ/မရှိနှင့် စနစ်တကျ ရောင်းချခြင်း ရှိ/မရှိ တို့ကို စစ်ဆေးကာ နေ့စဉ်ဈေးရောင်းပြီးချိန်တိုင်း ဈေးဆိုင်များ သန့်ရှင်းရေးမပြတ် ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ထားရှိသည့် ဈေးစည်းကမ်းများကို အလေးထား လိုက်နာဆောင်ရွက်ကြရန် ဈေးသူ၊ ဈေးသားများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)