အင်းတော်မြို့ မြို့မပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်

အင်းတော် ဇူလိုင် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ မြို့မပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ စေတီကြီးကုန်းတော် ပတ်ဝန်းကျင်နှင့် လျှောက်လမ်းများအား သန့်ရှင်းသာယာလှပစေရေးအတွက် ဇူလိုင်၂၂ရက်နေ့နံနက် ၇ နာရီ အချိန်က အင်းတော်မြို့နယ် အတွင်းမှ ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းပြီး မြို့နယ်အတွင်းရှိ ဖွံ့ဖြိုးသာယာရေးလုပ်ငန်းများကို အခါအားလျှော်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ ဝန်ထမ်းမိသားစုများအနေဖြင့် မြို့ဖွံ့ဖြိုးသာယာလှပရေး လုပ်ငန်းများကို ဆက်လက် စုပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အင်းတော်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖုန်ဂရိန်က ပြောပြခဲ့သည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်သည့်နေရာသို့ အင်းတော်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနပေါင်းစုံမှ ဝန်ထမ်းများ၊ ရပ်မိ ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ လာရောက်၍ ဘုန်းတော်ကြီးကျောင်း စေတီကြီးကုန်းတော် ပတ်ဝန်းကျင်နှင့် လျှောက်လမ်းများ သန့်ရှင်းသာယာ လှပရေးအတွက် ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်း လုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်သီဟ