တနင်္သာရီ ဇူလိုင် ၂၄
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် (ထိုင်း-မြန်မာ)နယ်စပ် မောတောင်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ မောတောင်မြို့၊ မြို့မဈေးအတွင်း ဈေးရောင်း/ဈေးဝယ်သူများအားလုံး ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါဆိုးမှ ကြိုတင်ကာကွယ်ရန် ခြင်လောက်လန်းများ မပေါက်ဖွားစေရေးနှင့် ခြင်မခိုအောင်းစေရန်အတွက် ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က (ဒုတိယ)အကြိမ် ခြင်ဆေးမှုတ်ပေး ခြင်းလုပ်ငန်းများကို ပူးပေါင်းအဖွဲ့များနှင့် ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ခြင်ဆေးမှုတ်ပေးခြင်းဆောင်ရွက်ရာတွင် မောတောင်မြို့၊ စည်ပင်သာယာရေးအဖွဲ့တာဝန်ခံ ဦးမျိုးအောင်က ကြီးကြပ်၍ စည်ပင်သာယာရေး ဝန်ထမ်းများ၊ မြို့မဈေးကြီးကြပ်ရေးအဖွဲ့ဝင်များ၊ စေတနာလူမှုကူညီရေးအသင်းဝင်များ၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးဦးလေးထိုက်စိုးတို့ ပူးပေါင်းပြီး မြို့မဈေးအတွင်း/အပြင် ဈေးဆိုင်တန်းများနှင့် ရေမြောင်းများအတွင်း ခြင်များခိုအောင်းခြင်း၊ ပေါက်ဖွားခြင်းမရှိစေရေးအတွက် (ဒုတိယ)အကြိမ် ခြင်ဆေးမှုတ်ပေးကြောင်း၊ ဇွန်လ(၂၃)ရက်နေ့က (ပထမ)အကြိမ်အဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်း မောတောင်မြို့ စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံထံမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)