သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်

စစ်ကိုင်း ဇူလိုင် ၂၃

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)နှင့် စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ တန်ဖိုးမြင့်စားသောက်ကုန်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲကို ယမန်နေ့၊ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင့်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် သမဝါယနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီက ဆရာ/ ဆရာမများ၊ ကျောင်းသား/  ကျောင်းသူများကို စာပေပညာသာမက ဘက်စုံထူးခွန်တဲ့ လူတော်/ လူကောင်းတွေဖြစ်အောင် နှစ်စဉ်နှစ်တိုင်းကျောင်းလှုပ်ရှားမှုအစီအစဉ်များကို စနစ်တကျရေးဆွဲကာ ဆောင်ရွက်လေ့ရှိကြောင်း၊ လက်တွေ့အသုံးချတက်စေရန်နှင့် အမိတက္ကသိုလ်မှဘွဲ့ရရှိသွားသည့်အခါ ကိုယ်ပိုင်လုပ်ငန်းငယ်များ တည်ထောင်နိုင်ခြင်းမှတဆင့် စီးပွားရေးလုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ တန်ဖို့မြှင့်လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်းဖွင့် လှစ်ပေးခဲ့ရာ စိတ်ဝင်စားစွာလေ့လာမှတ်သား၍ လက်တွေ့ဆောင်ရွက်သွားကြပါလို့ အထူးတိုက်တွန်း လိုကြောင်းပြောကြားကာ ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ဇူလိုင်(၂၁)ရက်နေ့မှ(၂၇)ရက်နေ့အထိ(၇)ရက်ကြာ စာတွေ့/ လက်တွေ့ သင်ကြားပိုချပေးသွားမှာဖြစ်ပြီး သင်တန်းသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများ၊ နည်းပြဆရာ/ ဆရာမများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်