အိမ်မဲမြို့နယ်တွင် မိသားစုတစ်နိုင်တစ်ပိုင် မြန်မာ့ရိုးရာလှေလုပ်ငန်းလုပ်ကိုင်၍ မိသားစုအပိုဝင်ငွေရရှိ

အိမ်မဲ ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ချောင်းဝပိုင်းရပ်ကွက်တွင်နေထိုင်သော ဦးသန်းဝေသည် မိသားစုတစ်နိုင်တစ်ပိုင် မြန်မာ့ရိုးရာလှေလုပ်ငန်းလုပ်ကိုင်၍ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

“ကျွန်တော့်အနေနဲ့ လှေလုပ်ငန်းကိုလုပ်ကိုင်လာတာ (၁၅)နှစ်ရှိပါပြီ။ လှေတစ်စီးလုပ်မယ်ဆိုရင် လူလေးယောက်လိုပါတယ်။ လူလေးယောက်သုံးမယ်ဆိုရင် တစ်နေ့ကို လှေတစ်စီးပြုလုပ်နိုင်ပါတယ်။ သွက်သွက်လက်လက်အပင်ပန်းခံပြီးရိုက်မယ်ဆို ရင်တော့တစ်နေ့ကို လှေတစ်စီး(ခွဲ) လောက်ကျပါတယ်။ လှေတစ်စီးစပ်တော့မယ်ဆိုရင် မအူသားနဲ့ဆို လှေတစ်စီးစာ မအူသားက(၇၅၀၀၀)နဲ့ (၈၀၀၀၀)ကျပ်ရှိပါတယ်၊ လုပ်သားခက(၄၀၀၀၀)ကျပ်၊ သံ၊ ရေနံ၊ ပွေးညှက်က (၁၃၀၀၀)ကျပ် စုစုပေါင်း (၁၃၀၀၀၀)ကျပ်လောက်ကျပါတယ်။ လှေတစ်စီးပြန်ရောင်းချရင်တော့ ချောင်းထဲကိုလှေချအပြီး (၁၅၀၀၀၀)ကျပ်နဲ့ ရောင်းချပါတယ်။ တစ်လလုံးဆိုရင်တော့ လှေအစီး(၃၀)လောက်ထိလုပ်ကိုင်နိုင်ကြောင်း “ ဦးသန်းဝေ ပြောပြချက်အရသိရသည်။

အိမ်မဲမြို့နယ်သည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်ကာ မြစ်၊ ချောင်း၊ အင်း၊ အိုင်များပေါများသောဒေသဖြစ်သည်။ မြစ်၊ ချောင်း၊ အင်း၊ အိုင်များပေါများပြီး ရေလုပ်ငန်းလုပ်ကိုင်ကြသူများပေါများကာ လှေသည်မရှိမဖြစ်ရာတစ်ခုဖြစ်ကြောင်းလည်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)