မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့/အမျိုးရေးရာအဖွဲ့မှ စလင်းမြို့နယ်ရှိ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် မိုခါမုန်တိုင်းသင့် ဒေသခံ ပြည်သူများအား ထောက်ပံ့ငွေများနှင့် အာဟာရများ သွားရောက်ထောက်ပံ့

မင်းဘူး ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့/အမျိုးသမီးရေးရာအဖွဲ့ နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်ဇနီး ဒေါ်ဝင်းဝင်းမြင့်နှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီအချိန်က မင်းဘူးခရိုင်၊ စလင်းမြို့နယ်သို့သွားရောက်၍ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် မိုခါမုန်တိုင်းသင့် ဒေသခံပြည်သူများအား ထောက်ပံ့ငွေများနှင့် အာဟာရများကို သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့/အမျိုးသမီးရေးရာ အဖွဲ့နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်ဇနီး ဒေါ်ဝင်းဝင်းမြင့်နှင့် အဖွဲ့ဝင်များသည် စလင်းမြို့ ဘုရားကြီးကျောင်းတိုက်ဓမ္မာရုံသို့ ရောက်ရှိပြီး သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး ဆေးဝါးများကို လှူဒါန်းပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဇနီး ဒေါ်ဝင်းဝင်းမြင့်နှင့် အဖွဲ့ဝင်များက မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)နှင့် မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့/အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းထောက်ပံ့သည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၂၀)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၂၁၀၀၀ နှုန်း၊ ဆေးဝါးနှင့် အာဟာရများကို လည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၂၁၀၀၀ နှုန်း၊ ဆေးဝါးနှင့် အာဟာရများကိုလည်းကောင်း၊ စလင်းမြို့နယ်အတွင်းမှ မိုခါမုန်တိုင်းသင့် အိမ်ထောင်စု (၉၀)အား တစ်အိမ်ထောင်လျှင် ထောက်ပံ့ငွေကျပ် ၁၅၀၀၀ နှုန်း၊ နှာခေါင်းစည်း (Mask)များနှင့် ယင်လုံ အိမ်သာခွက်များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့/အမျိုး သမီးရေးရာအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စလင်းမြို့ ဘုရားကြီးကျောင်းတိုက်ဓမ္မာရုံ၌ မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေး၊ သွေးလွန်တုတ်ကွေးရောဂါ တားဆီးကာကွယ်ရေးနှင့် သက်ငယ်မုဒိန်းဖြစ်ပွားမှု ကာကွယ်ရေးအကြောင်း စသည့် ခေါင်းစဉ်များဖြင့် အသိပညာပေး ‌ဟောပြောပွဲများကို ကျင်းပဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့/အမျိုး သမီးရေးရာအဖွဲ့ နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်ဇနီး ဒေါ်ဝင်းဝင်းမြင့်နှင့် အဖွဲ့ဝင်များသည် ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားရန် မှာကြားပြီး အဖွဲ့ဝင်များထံ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံး နှာခေါင်းစည်း(Mask)နှင့် Hand Gel များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)