တနင်္သာရီတိုင်း‌ဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြိတ်မြို့နယ်ဒေသဝမ်းစာဖူလုံရေးနှင့် လယ်ယာလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

မြိတ် ဇူလိုင် ၂၃

တနင်္သာရီတိုင်း‌ဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွတ်တော် တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်(၂၂)ရက်နံနက်ပိုင်းက ဒေသဝမ်းစာဖူလုံရေးနှင့် လယ်ယာလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာစိုက်ပျိုးနည်းပညာပြန့်ပွားရေးစင်တာတွင် သဘာဝမြေဩဇာထောက်ပံ့ပေးအပ်ပွဲနှင့် သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာအချိန်ကိုက်အချိုးကျ အသုံးပြုနည်း ကွင်းသရုပ်ပြခြင်းနှင့် တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းမှ သဘာဝမြေဆွေးပုံပြုလုပ်ခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်ဦးမြတ်ကိုက ဒေသဝမ်းစာဖူလုံရေးဆောင်ရွက်ရာတွင် မြေဧရိယာချဲ့ထွင်ရန် အကန့်အသတ်ရှိ‌သောကြောင့် သီးနှံတစ်ဧက အထွက်နှုန်းတိုးတက်ရေးဆောင်ရွက်ရန် အလွန်အရေးကြီးကြောင်း၊ စပါးတစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့် ပြောင်းလဲစိုက်ပျိုးခြင်း၊ ရေ၊ မြေ၊ ရာသီဥတုနဲ့ကိုက်ညီတဲ့ စိုက်နည်းစနစ် ပြောင်းလဲကျင့်သုံးခြင်းများ ဆောင်ရွက်ရမှာဖြစ်သလို မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သည့် သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာမြေဆွေးပုံများ ပြုလုပ်ထည့်သွင်းခြင်းနဲ့ ဓါတ်မြေဩဇာကဲ့သို့ သွင်းအားစုများကို အချိန်မှန်အချိုးကျသုံးစွဲခြင်းစသည့် လုပ်ငန်းများသည်လည်း မဖြစ်မနေလိုအပ်မှာဖြစ်ကြောင်း၊ လယ်ယာလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ဘက်ပေါင်းစုံမှ တွန်းအားပေး ကူညီဆောင်ရွက်‌ပေးလျက်ရှိကြောင်း တစ်ဧကအထွက်နှုန်းတိုးတက်လာအောင် တောင်သူများအနေနဲ့ ဝိုင်းဝန်းကြိုးစားပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းထိုက်က သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ကွင်းသရုပ်ပြပွဲများ ပြုလုပ်ရခြင်းအကြောင်း ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဝန်ကြီးများ၊ တာဝန်ရှိသူများက ကျေးရွာအုပ်စု(၃)အုပ်စုမှ အကျိုးဆောင်တောင်သူ(၇၀)ဦးအား သဘာဝမြေဩဇာများ(၇၀)အိတ် ထောက်ပံ့ပေးအပ်ခဲ့ကြရာ အကျိုးဆောင်တောင်သူများကိုယ်စား တောင်သူဦးနေစိုးက ကျေးဇူးတင်စကားပြောပြန်လည်‌ပြောကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးနည်းပညာပြန့်ပွားရေးစင်တာတွင်ပြုလုပ်သည့် သဘာဝမြေဩဇာနှင့်ဓါတ်မြေဩဇာ အချိန်ကိုက်အချိုးကျအသုံးပြုနည်းကွင်းသရုပ်ပြပွဲနှင့် တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းမှ သဘာဝမြေဆွေးပုံပြုလုပ်ခြင်း ကွင်းသရုပ်ပြဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။ ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖျာကျေးရွာရှိ တစ်နေ့လျှင်တန်(၁၅၀)ကျ OK ရတနာအဆင့်မြင့်ဆန်စက်သို့ ရောက်ရှိခဲ့ကြပြီး ရှင်းလင်းဆောင်၌  ဆန်စက်ပိုင်ရှင်ဦးထွေးဝေက ဆန်စက်လည်ပတ်ဆောင်ရွက်နေမှု၊ ဒေသတွင်းဖြန့်ဖြူး ရောင်းချနေမှုများ၊ မြိတ်ခရိုင်စပါးစိုက်ပျိုးထုတ်လုပ်သူများနှင့် လယ်ယာဝန်ဆောင်မှုအသင်းနှင့် OK ဆန်စက်တို့ပူးပေါင်းပြီး ဒေသတွင်း  စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန် ဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြသည်။

ထို့နောက် စပါးစိုက်ပျိုးထုတ်လုပ်သူများနှင့် လယ်ယာဝန်ဆောင်မှုအသင်းမှ အသင်းဝင်တောင်သူ(၅၂)ဦးအတွက် စိုက်ပျိုးစရိတ်ချေးငွေ(၃၅၂)သိန်း၊ မြိတ်ခရိုင်ရှိတောင်သူများအား လယ်ဧက(၃၀၀၀)အတွက် ဒေသနှင့်ကိုက်ညီသည့် မျိုးစပါး(၂၃၇၇)တင်း၊ သဘာဝဓါတ်မြေဩဇာ(၂၉၆၇)အိတ်၊ စက်သုံးဆီဂါလံ(၅၀၀၀)ကို ထုတ်ချေးငွေများအား အသင်းဥက္ကဋ္ဌက တောင်သူများပေးအပ်ရာ ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် OK ဆန်စက်အတွင်း ​ဒေသထွက်စပါးများ ဝယ်ယူစုပုံထားရှိမှု၊ အ​ခြောက်ခံမှု၊ ကြိတ်ခွဲမှု၊ သန့်စင်မှု၊ ဒေသတွင်းဖြန့်ဖြူးရောင်းချရန် ဆောင်ရွက်နေမှုနှင့်  သိုလှောင်ထားရှိမှု၊ အမှုန်များစုပ်ယူ၍ စက်ရုံအတွင်းသန့်ရှင်း​အောင်​ဆောင်ရွက်ထားရှိမှု၊ စပါးခွံမှ တစ်နေ့လျှင် ကီလိုဝပ်(၆၀၀) လျှပ်စစ်ဓါတ်အားထုတ်လုပ်ပြီး ဆန်စက်လည်ပတ်အသုံးပြု​နေမှု၊ စပါးစိုက်ပျိုးထုတ်လုပ်သူများနှင့် လယ်ယာဝန်ဆောင်မှုအသင်း နှင့် OK ဆန်စက်တို့ပူးပေါင်းပြီး တောင်သူများအား ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည့်မှတ်တမ်းများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စပါးစိုက်ပျိုးထုတ်လုပ်သူများနှင့် လယ်ယာဝန်ဆောင်မှုအသင်းမှ ဝယ်ယူထားရှိသည့် ရိတ်သိမ်းချွေလှေ့စက်များကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )