ကျိုက်လတ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲပြုလုပ်

ကျိုက်လတ် ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့တွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၇၅) စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက်(၉)နာရီ အချိန်တွင် လှည်းဆိပ်ကျေးရွာနေ တောင်သူ ဦးအေးသန်း၏ ကွင်းအမှတ်(၉၉-ခ) ဦးပိုင်အမှတ်(၂၀/၁)ရှိ လယ်မြေပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။

သရုပ်ပြပွဲတွင် စက်မှုလယ်ယာဉီးစီးဌာန ဖျာပုံခရိုင်ဦးစီးဌာနမှူး ဦးဇော်ထွန်းမှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းအားဖြင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းပါးခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာလိုအပ်ခြင်း၊ သန်မာ၍ ရောဂါကင်းသော ပျိုးပင်များ ရရှိစေခြင်း၊ ကောက်စိုက်ရာတွင်လူအင်အား အသုံးပြုမှုနည်းပါးခြင်းနှင့် သက်တောင့်သက်သာ စိုက်ပျိုးနိုင်ခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှုပိုမိုခြင်း၊ လေဝင်လေထွက်ကောင်းခြင်း၊ ကောက်ပင်လှန်ရက် စောင့်ဆိုင်းရန်မလိုခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်း ကောင်းစေခြင်းနှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသည့် စပါးခင်းအားရိတ်စက်၊ ရိတ်သိမ်းခြွေလှေ့စက်များဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း တက်ရောက်လာသော တောင်သူများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးဇော်ထွန်း၊ မြို့နယ်ဦးစီးဌာနမှူး ဦးမျိုးမင်းဝင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရီရီမြင့် (ပြန်/ ဆက်)