ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပခုက္ကူ ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ပူးပေါင်း၍ ယမန်နေ့ နံနက် ၉နာရီအချိန်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူခရိုင်ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဆန်းလင်းက “ကျောင်းသား၊ကျောင်းသူ (လူငယ်)များအနေဖြင့် ကျောင်းသင်ခန်းစာများအပြင် ပြင်ပစာပေဗဟုသုတများအစဉ်လေ့လာသင်ယူတတ်ကြစေရန်၊ ဗလငါးတန်ပြည့်စုံကြွယ်ဝပြီး အနာဂါတ်နိုင်ငံတော်အတွက်အားကိုးယုံကြည်ရသော မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်၊ ဖြောင့်မတ်မှန်ကန်သည့် အသိပညာ၊ အတတ်ပညာများကို လူငယ်များအချင်းချင်းအကြား ပြန်လည်မျှဝေတတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူတတ်ကြစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း” ရှင်းလင်းပြောကြားသည်။

ဆက်လက်၍  လူငယ်စကားဝိုင်းကျင်းပရာ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က ညှိနှိုင်းရေးမှူး(Moderator)အဖြစ် ပါဝင်ဆောင်ရွက်ပေးပြီး ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းမှ မအိဖြူစိုးက “လူငယ်နှင့်ဘဝလမ်းညွှန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနဒီထိပ်ထားလင်းက “လူငယ်နှင့်ကျန်းမာရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမိုးစန္ဒာဝေက “လူငယ်နှင့်အောင်မြင်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအိအိခင်က “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မလောရောင်က “လူငယ်နှင့်ကိုယ့်ကိုကိုယ်တည်ဆောက် ခြင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ မောင်ရန်အေးက “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆလိုင်းတင်ထွန်းက “လူငယ်နှင့်ယုံကြည်မှု”ခေါ င်းစဉ်ဖြင့်လည်းကောင်း၊ မဟန်မီမီဌေးက “လူငယ်နှင့်စာပေ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မစိုးပြည့်မွန်က “လူငယ်နှင့်အခက်အခဲကိုကျော်ဖြတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မစန္ဒာမိုးက “လူငယ်နှင့်အတွေးအခေါ်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ပါဝင်ဆွေးနွေးကြ သည်။

အဆိုပါစကားဝိုင်းတွင် ပခုက္ကူခရိုင်ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဆန်းလင်း၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်ခင်မိုးမြင့်နှင့်ဆရာမများ၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ်(၆)သင်တန်းသူများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးစန်းအောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြပြီး   မိမိတို့သိရှိလိုသည်များကိုမေးမြန်းကြရာ ကဏ္ဍများအလိုက် ပြန်လည်ဆွေးနွေးဖြေကြားကြကြောင်း သိရသည်။

ထို့အပြင် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

ဘာမီသာ(ပြန်/ ဆက်)