ဓနုဖြူ ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ တော်ဝကျေးရွာ၊ တော်ဝသဘာဝရေပြင်အတွင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးသယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းကိုကိုဦးနှင့် ဝန်ထမ်းများ၊ မအူပင်မြို့နယ် အောင်ဟိတ်ငါးလုပ်ငန်းစခန်း တာဝန်ခံနှင့် အဖွဲ့၊ တော်ဝကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အင်းသားကြီးများ၊ ရေလုပ်သားများ တက်ရောက်ကြပြီး အောင်ဟိတ်ငါးသားဖောက်စခန်းမှ ငါးမြစ်ချင်းငါးသားပေါက် ကောင်ရေ (၂၀၀၀၀၀)၊ ငါးခုံးမ ငါးသားပေါက်ကောင်ရေ (၁၀၀၀၀၀)၊ ရွှေဝါငါးကြင်းငါးသားပေါက်ကောင်ရေ (၁၀၀၀၀၀)၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၄၀၀၀၀၀)ကို တော်ဝကျေးရွာ၊ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)