ဖြူးမြို့နယ် အုတ်ဖြတ်မျိုးသန့်ခြံ၌ မိုးစပါးမျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်နိုင်ရေး (၁၁၂)ဧက စိုက်ပျိုး

ဖြူး ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာန(ခွဲ)အုတ်ဖြတ်မျိုးသန့်ခြံ၌ စပါးမျိုးကောင်းမျိုးသန့် ထုတ်လုပ်နိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ မိုးစပါးအဖြစ် ဆင့်ပွားမျိုးစေ့နှင့် မျိုးသန့်မျိုးပွားမျိုးစေ့ စုစုပေါင်း ဧက (၁၁၂)ဧက စိုက်ပျိုးထားကြောင်း သိရသည်။

ဖြူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာန(ခွဲ)အုတ်ဖြတ်မျိုးသန့်ခြံမန်နေဂျာ ဦးစိုးနိုင်က "ကျွန်တော်တို့ အုတ်ဖြတ်မျိုးသန့်ခြံအနေနဲ့ ဆောင်ရွက်နေတာကတော့ မျိုးကောင်းမျိုးသန့်ထုတ်လုပ်ခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ နည်းပညာပေးခြင်းနှင့် ကွင်းသရုပ်ပြပွဲများ ​ဆောင်ရွက်ခြင်းနဲ့ အကျိုးဆောင်တောင်သူတွေကို နည်းပညာ​ပေးခြင်းများကို ဆောင်ရွက်ပေးပါတယ်။ ထွက်ရှိလာတဲ့ ဆင့်ပွားမျိုးစေ့တွေကိုတော့ ပဲခူးတိုင်းအတွင်းမှာရှိတဲ့ ကျောင်းစုခြံ၊ ပေါက်တပင်ခြံ၊ ပဲခူးခြံ၊ ပွဲပြည့်ခြံ၊ ပေါင်းတည်ခြံ၊ သစ်ချိုခြံနဲ့ အခြားတိုင်းဒေကြီးတွေကိုလည်း ဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်။ နောက်ပြီး မျိုးသန့်မျိုးပွားမျိုးစေ့တွေကိုတော့ တောင်ငူခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်များနဲ့ ဖြူးမြို့နယ်အတွင်းရှိ အကျိုးဆောင်တောင်သူများ၊ သမဝါယမအသင်းများကို ဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်" ဟုပြောသည်။

အဆိုပါ မျိုးစေ့ဌာန(ခွဲ)အုတ်ဖြတ်မျိုးသန့်ခြံတွင် ၂၀၂၃-၂၀၂၄ မိုးစပါး ဆင့်ပွားမျိုးစေ့အဖြစ် ဆင်းသုခမျိုး (၁၁) ဧက၊ မနောသုခမျိုး (၁)ဧက၊ ရတနာတိုးမျိုး (၂)ဧက၊ မှော်ဘီမျိုး (ဒဿမ၅၀)ဧကနှင့် မျိုးသန့်မျိုးပွားမျိုးစေ့အဖြစ် ဆင်းသုခမျိုး (၉၇)ဧက စုစုပေါင်း (၁၁၂)ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)