စလင်းမြို့နယ်အတွင်း မိုခါမုန်တိုင်းဖြစ်ပွားမှုကြောင့် ပျောက်ဆုံးပျက်စီးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ရေဘေးသင့်အိမ်ထောင်စုများ၏ လက်ဝယ်သို့ ပြန်လည်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

မကွေး ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း မိုခါမုန်တိုင်းဖြစ်ပွားမှုကြောင့် ပျောက်ဆုံးပျက်စီးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ရေဘေးသင့်အိမ်ထောင်စုများ၏ လက်ဝယ်သို့ ပြန်လည်ပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် နောက်ဆုံး လုပ်ငန်းစဉ်တွင် အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါကဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)နှင့် အညီ  တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မဲပေးပိုင်ခွင့်ရှိတဲ့ အသက်(၁၈)နှစ် ပြည့်ပြီးသူ နိုင်ငံသားတိုင်း လက်ဝယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိရန် လိုအပ်လာပါကြောင်း၊ ဒါကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းအဆင့် (၁)စီမံချက်၊ ပန်းခင်းအဆင့်(၂)စီမံချက်တို့ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ပေးနေတာ ဖြစ်ပါကြောင်း၊ (၁၄-၅-၂၀၂၃)ရက်နေမှာ တိုက်ခတ်သော မိုခါမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ခဲ့၍ ရေဘေးသင့်ခဲ့သော ဆင်ဖြူကျွန်းမြို့ ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆)အုပ်စုမှ ရေဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားမှု၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ဒါ့အပြင် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့် e-Government ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုအရ အီလတ်ထရောနစ် စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်း(e-ID)အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ (Focal Ministry)အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ ဒုတိယအဆင့်အနေဖြင့် Biometric အချက်အလက်ကောက်ယူခြင်းဟာ e-ID e-Government စနစ် ပီပြင်စွာကျင့်သုံးနိုင်ဖို့ အခြေခံကျသည့် လုပ်ငန်း တစ်ခုဖြစ်သည့်အတွက် မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖွဲ့စည်းပေးထားသည့် တိုင်း၊ ခရိုင်၊ မြို့နယ် Biometric အချက် အလက်ကောက်ယူရေး ကြီးကြပ်မှုကော်မတီများ၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဝန်ထမ်းများ၊ ခန့်အပ်တာဝန်ပေးအပ်ထားသည့် ယာယီစာရင်းကောက်များအနေဖြင့် မကွေးတိုင်းဒေသကြီး Biometric အချက်အလက် ကောက်ယူခြင်းလုပ်ငန်းအား အောင်မြင်အောင် ကျရာကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း၊ ရပ်ကွက်/ ကျေးရွာနေ ပြည်သူများ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများ အနေဖြင့် မိမိတို့၏ အခွင့်အရေးများ မဆုံးရှုံးရအောင် မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၂)ဖြင့် ဆောင်ရွက်ပေးနေချိန်မှာ အလေးထားဆောင်ရွက်ပေးကြဖို့နှင့် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသော ပြည်သူများကို ဥပဒေနှင့်အညီ ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုး လက်ဝယ်ရရှိအောင် ဆောင်ရွက်ပေးသွားမှာဖြစ်တဲ့အတွက် ပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က စလင်းမြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများမှ ကွင်းဆင်း၍ မိတ္တူဆောင်ရွက်ပေးခဲ့သော ပျောက်ဆုံး/ ပျက်စီးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်း(၇၉၃)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၆၃၄)ကတ်တို့အား ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ရေဘေးသင့်အိမ်ထောင်စုဝင်များ လက်ဝယ်သို့ အသီးသီးပေးအပ်ခဲ့ကြပြီး၊ ဒေသခံပြည်သူတစ်ဦးက ရေဘေးသင့်အိမ်ထောင်စုများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြန်လည်ထုတ်ပေးခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းတွင် ကျောင်း သား၊ ကျောင်းသူများအား မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများမှ Biometric Enrollment and UID Management System အသုံးပြု၍ အချက်အလက် ကောက်ယူဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး ကာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က e-ID စနစ်လုပ်ငန်းစဉ်များဖြစ်သည့် e-ID  Database System  အတွင်းသို့ Bio graohic နှင့် Biometric အချက်အလက်များ ကောက်ယူထည့်သွင်းခြင်း၊ ထိန်းသိမ်းခြင်းနှင့် နိုင်ငံအတွင်း နေထိုင်သူအားလုံး ဂဏန်း(၁၀)လုံးပါဝင်သည့် Unique Identity (UID) ထုတ်ပေး နိုင်ရေးလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ (ပြန်/ ဆက်)