ကသာ ဇွန် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ “ လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကသာမြို့ Book Club အဖွဲ့ဝင် စာရေးဆရာ(ကသာ သင်းမွှေး)က စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် “မုန်လာဥဝါ၊ ကြက်ဥနဲ့ ကော်ဖီနဲ့ဘဝအမြင့်”ခေါင်းစဉ်ပါရှိသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး မြို့နယ် Book Club အဖွဲ့ဥက္ကဋ္ဌ စာရေးဆရာ (ကိုဘ၊ ကသာ)က လည်းကောင်း၊ စာရေးဆရာ (ကြယ်ပြောင်၊ ကသာ)၊ စာပေချစ်သူ ဒေါ်ဝေမွန်ထူးနှင့် စာဖတ်ဝိုင်းသို့ တက်ရောက် လာကြသည့် စာပေချစ်သူများက ဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်အပေါ် မိမိတို့၏ အတွေးအမြင်ရသများကို အသီးသီးဆွေးနွေး ခဲ့ကြသည်။
ထို့နောက် စာရေးဆရာ မောင်ချစ်ထွေး (မဟာဝိဇ္ဇာ)က စာပေချစ်သူများ၏ ဆွေးနွေးချက်များ အပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ၎င်း၏ ငယ်စဉ်ဘဝပညာသင်ယူမှုအခြေအနေနှင့် စာပေခရီး လျှောက်လှမ်းခဲ့ပုံများ၊ မဆုတ်မနစ်သောဇွဲလုံ့လဖြင့်ကြိုးစားပါက ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိမည် ဖြစ်ကြောင်းပြောကြားသည်။ အဆိုပါ စာဖတ်ဝိုင်းပြုလုပ်သည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်သည် မြန်မာနိုင်ငံရှိ မျိုးဆက်သစ်လူငယ်လူရွယ်များ အတွေးအမြင် အယူအဆများမှန်ကန်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားရန်နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားပေးလမ်းညွှန်မှုပြုနိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေချစ်မြတ်နိုး သူများအသင်း (Book Club)ဖြင့် ပူးပေါင်း၍ စာဖတ်ဝိုင်းများဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre ) ပြုလုပ်သော စာဖတ်ဝိုင်းသို့ ကသာမြို့နယ် စာရေးဆရာများအသင်း၊ ကသာမြို့ Book Club အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများနှင့်ဌာနဆိုင်ရာအသီးသီးမှ စာပေဝါသနာပါသူများ တက်ရောက်ခဲ့ကြကြောင်းနှင့် စာဖတ်ဝိုင်းများကို လစဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(ပြန်/ ဆက်)