သရက်ချောင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း(မြစိမ်းရောင်) ကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များချပြရှင်းလင်းဆွေးနွေးပွဲကျင်းပ

သရက်ချောင်း ဇူလိုင် ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သမဝါယမဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ၂၀၂၃ခုနှစ်၊ မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား ကျေးရွာအဆင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း(မြစိမ်းရောင်) ကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များချပြဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်က သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက် က္ကစ္ဆာပူရနဆုတောင်းပြည့်စေတီတော် ဓမ္မာရုံအတွင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြထွေးသွယ်က တောင်သူများအား သမဝါယမလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊ သမဝါယမအသင်းက ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအကြောင်း၊ မြစိမ်းရောင်စီမံကိန်းချေးငွေထုတ်ချေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဖွဲ့စည်းခြင်း၊ စီမံကိန်းငွေစာရင်းဖွင့်လှစ်ထားရှိရမည့်အကြောင်းများ၊ မိုးစပါးစိုက်ပျိုးရေစီမံကိန်း(မြစိမ်းရောင်)ကြီးကြပ်မှုကော်မတီနှင့် လုပ်ငန်းတာဝန်များအကြောင်းကို တောင်သူများနားလည်သဘောပေါက်စေရန် အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းက မိုးစပါးစိုက်ပျိုးရေးစီမံကိန်း(မြစိမ်းရောင်)ကြီးကြပ်မှုကော်မတီနှင့် လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းခြင်း၊ မိုးစပါးစိုက်ပျိုးရေးနည်းပညာများအကြောင်းကို သင်တန်းများဖွင့်လှစ်ပို့ချလျက်ရှိကြောင်း၊ တောင်သူများ၏ မိုးစပါးဧကအထွက်နှုန်းတိုးစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သွင်းအားစုများအကြောင်းက်ို တောင်သူများအား အကျယ်တဝင့်ရှင်းလင်းခဲ့သည်။

ထို့နောက် တက်ရောက်လာကြသောတောင်သူများကသိရှိလိုအပ်သည်များကို မေးမြန်းခဲ့ပြီးတာဝန်ရှိသူများကပြန်လည် ရှင်းလင်းဆွေးနွေးကာ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ ဆက်)