မုံရွာ ဇူလိုင် ၂၃
ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေးတို့အတွက် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီး ရေလာကောင်းမွန်စေရေး၊ ကျောင်းသား/ ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် မိုးတွင်းကာလတွင် ခြင်များမပေါက်ပွားနိုင်စေရေးတို့အတွက် သန့်ရှင်းရေးလုပ်ငန်းကို ယမန်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ် ၂ အခြေခံပညာ အလယ်တန်း ကျောင်းတွင် မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှဝန်ထမ်းများ၊ စည်ပင် သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ၊ ဆရာ/ ဆရာမများနှင့်ဝန်ထမ်းများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက် ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၂၅ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၂၃၀၀ ဦးကျော်ဖြင့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အေးသာ ယာရပ်ကွက်ရှိ သာစံကျောင်းတိုက်သို့ ရောက်ရှိရာ သာစံကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တတေဇဝန္တ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံများအား ဆက်ကပ်လှူ ဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။
အဆိုပါ မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ သာစံကျောင်းတိုက်ကြီးသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆွမ်းဆန် - ၆ အိတ်၊ ဆီ - ၁၀ ပိဿာ၊ ၈၀ ကျပ်သား၊ ဆား - ၄ ပိဿာ၊ ၅၀ ကျပ်သား၊ ပဲ - ၁၀ ပိဿာ၊ ၈၀ ကျပ်သား၊ ကြာဇံ - ၄ ပိဿာ၊ ၅၀ ကျပ်သားတို့အား ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ ဆက်)