နတ်မောက်မြို့နယ်တွင်  GW-11  မျိုးသစ်စမ်းသပ်ကွက် စံကွက်ရိတ်သိမ်း

နတ်မောက်  ဇူလိုင် ၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် တောင်သူဒေါ်ကြည်ကောင်း စိုက်ပျိုးထားသော GW-11  မျိုးသစ်စမ်းသပ်ကွက် စံကွက်ရိတ်သိမ်းလျက်ရှိရာ အစိုတင်း(၁၀၉)တင်းထွက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။

နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများသည် ဒေသဝမ်းစာဖူလုံရေးအတွက် စပါးကိုအဓိကထား စိုက်ပျိုးကြပြီး စပါးမျိုးကောင်းမျိုးသန့်   မျိုးစေ့ထုတ်စိုက်ကွက်များ၊ ဘက်စုံအဆင့်မြင့်နည်းပညာ သုံးစံပြကွက်၊ မျိုးယှဉ်ပြိုင် စမ်းသပ်ကွက်များ၊ စံပြကျေးရွာများကို ဖော်ဆောင်၍ စိုက်ပျိုးထားခြင်း၊ မျိုးစေ့ချကိရိယာနှင့် ကောက်စိုက်စက်ဖြင့် စနစ်တကျစိုက်ပျိုးခြင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက တောင်သူများ စားနပ်ရိက္ခာဖူလုံရေး၊ ဝင်ငွေများတိုးပွားလာစေရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု အရည်အသွေး ကောင်းမွန်ကာ ပြည်ပ စျေးကွက်များသို့ တိုးချဲ့လာနိုင်စေရန်အတွက် စိုက်ပျိုးရေးနည်း ပညာများကို ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိသည်။ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နွေစပါးများကို  ဆာဖိုးသာ၊ ထိုင်းနှံကောက်၊ GW-11ရွှေအာဆီယံ စပါးမျိုးသစ်များ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ စိုက်ပျိုးလျက်ရှိပြီး လက်ရှိတွင် GW-11  မျိုးသစ် စမ်းသပ်ကွက် စံကွက်ရိတ်သိမ်းရာ အစိုတင်း (၁၀၉)တင်း ထွက်ရှိပြီး ရရှိလာတဲ့ မျိုးများကို တောင်သူ များဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း  မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။

လှဝင်း