ငဖဲမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၉၄၇) ဦး၏ ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူပြီးစီး

ငဖဲ ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးပွားမောင်နှင့် ဝန်ထမ်းများက (Biometric) အချက်အလက်များ ကောက်ယူခြင်းကို ဇွန်လ ၂၂ ရက်နေ့က စတင်၍ ဆောင်ရွက်ခဲ့ရာ ယနေ့ထိ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၉၄၇)ဦး၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့မိသားစုဝင်များ၊ ကျောင်းသား ကျောင်းသူ များ၏ နိုင်ငံသားတစ်ဦးချင်းစီ ကိုယ်ရေးအချက်အလက်များ (Biographic Data)နှင့် ဇီဝအချက် အလက်များ (Biometric Data) စိစစ်ကောက်ယူခြင်းနှင့် လိုအပ်သည့် ဓါတ်ပုံရိုက်ကူးရယူခြင်း လုပ်ငန်းများဆောင်ရွက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ မြို့နယ်အတွင်း ဦးတည်အုပ်စုအလိုက် အမည်စာရင်းရယူထားသော ဌာနဆိုင်ရာရုံးများမှ နိုင်ငံ့ဝန်ထမ်း များနှင့် မိသားစုဝင်များ (၇၅၀)ဦးနှင့် အခြေခံပညာကျောင်းများမှ အသက်(၁၀)နှစ်နှင့် အထက်ရှိ ကျောင်းသား၊ ကျောင်းသူ (၁၁၉၇)ဦး စုစုပေါင်း (၁၉၄၇)ဦး၏ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းကို သတ်မှတ်စုရပ်နေရာများတွင် ဆောင်ရွက်ပေးခဲ့သည်။

ဇီဝဆိုင်ရာအချက်အလက် (Biometric)  ကောက်ယူပြီးသူများ၏ Biographic Data နှင့်  Biometric Data များကို Database တွင် သိမ်းဆည်းကာ ဂဏန်း(၁၀)လုံး ပါဝင်သည့် Unique ID နံပါတ်ပါ ကတ်ပြားများကို နေ့ချင်းပြီး ထုတ်ပေးခဲ့ကြောင်းနှင့် ကောက်ယူရန် ကျန်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်း များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ၏ ဇီဝဆိုင်ရာအချက်အလက်များကို ဆက်လက် ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)