ပေါက်ခေါင်း ဇူလိုင် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်တောင်သူများ၏ လယ်ယာမြေများတွင် စိုက်ပျိုးထားရှိသော ဆီထွက်သီးနှံ မိုးမြေပဲနှင့်မိုးနှမ်း (၅၀၁၆၅)ဧကကို ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဆီထွက်သီးနှံများကို တောင်သူများ၏ လယ်၊ ယာ၊ ကိုင်းကျွန်းမြေများတွင် မေလလယ်ခန့်က စတင် စိုက်ပျိုးခဲ့ရာ ယခုအခါအပင် ပေါက် ၂ လ သားအရွယ် ရောက်ရှိနေပြီဖြစ်ပြီး သြဂုတ်လကုန်တွင် မြေပဲနှင့်နှမ်းများ ရိတ်သိမ်းနိုင်တော့ မည်ဖြစ်သည်။ ပေါက်ခေါင်းမြို့နယ်တွင် မိုးမြေပဲ (၁၂၁၂၈) ဧကနှင့် မိုးနှမ်း (၃၈၀၃၇) ဧက စုစုပေါင်း (၅၀၁၆၅) ဧကကို စိုက်ပျိုးထားရှိပြီး စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။ ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ အထွက်နှုန်းကောင်းစေ ရန်နှင့် စိုက်ပျိုးနည်းစနစ် မှန်ကန်စေရန် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက စိုက်ခင်းများအရောက် ကွင်းဆင်း၍ လိုအပ်သည်များကို နည်းပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ယခုနှစ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ မြေပဲ စသည့် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးနိုင်ရန် မိုးမြေပဲ ၁၅၃၃၄ ဧက၊ မိုးနှမ်း ၃၈၀၄၆ ဧက တို့ကို လျာထားစိုက်ပျိုးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)