စလင်းမြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရေးအချက်အလက် (Bigoraphic Data) နှင့် ဇီဝအချက် အလက်စာရင်း ကောက်ယူခြင်း ဆောင်ရွက်

စလင်း  ဇူလိုင်  ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်  လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံးမှ  မြို့နယ်အတွင်းရှိ  အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ၏  နိုင်ငံသားတစ်ဦးချင်းစီ၏  ကိုယ်ရေးအချက်အလက်များ  (Biographic Data)နှင့်  ဇီဝအချက်အလက်များ  (Biometric Data)  ကောက်ယူခြင်းကို  ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်အချိန်ကစ၍  အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းရှိ စာသင်ခန်းမဆောင်တွင်  ဆောင်ရွက်ပေးလျက်ရှိသည်။

ဆောင်ရွက်ပေးရာတွင်  စလင်းမြို့နယ်  လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဆိုင်ရာ     ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ  ဦးတင်အေးဦးဆောင်၍  ဝန်ထမ်း များက သတ်မှတ် ဦးတည်အုပ်စုအလိုက် မြို့နယ်အတွင်းရှိ  အသက် ၁၀ နှစ်ပြည့်ပြီးသည့်  အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ယူဆောင်လာစေပြီး  ၎င်းတို့၏  ကိုယ်ရေး အချက်အလက်များ  ဇီဝအချက်အလက်များ (Biometric Data) များကို  တစ်ဦးချင်းစီ အလိုက်  စနစ်တကျ  ဆက်လက်ကောက်ယူ၍  (Database တွင် သိမ်းဆည်းပြီး  မတူညီသည့်  ဂဏန်း  ၁၀ လုံး ပါဝင်သည့်  နံပါတ်သတ်မှတ်၍  ကတ်ပြားများ ထုတ်ပေးလျက်ရှိသည်။

စလင်းမြို့နယ်  လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဆိုင်ရာ  ဦးစီးမှူးရုံးမှ  ကျောင်းသား၊ ကျောင်းသူများ၏  ကိုယ်ရေးအချက်အလက်များနှင့်  ဇီဝအချက် အလက်  (Biometric Data) များ  ကောက်ယူပေးခြင်းအပြင်  အသက် ၁၀ နှစ်ပြည့်ပြီး  နိုင်ငံသားစိစစ်ရေးကတ်ပြား  မပြုလုပ်ရသေး သည့်  ကျောင်းသား၊ ကျောင်းသူများကိုလည်း  သတ်မှတ်စာရွက်စာတမ်း  အထောက်အထားများ ပြည့်စုံပါက နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုပါ  တစ်ဆက်တည်း  ပြုလုပ်ပေးလျက်ရှိကြောင်း  သိရသည်။ ထိုသို့ပြုလုပ်ဆောင်ရွက် ပေးနေမှုများကို  မကွေးတိုင်းဝန်ကြီးချုပ်  ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့ဝင်များ  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် တာဝန်ရှိသူများက ဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

(မောင်လွင်)စလင်း