ပုသိမ် ဇူလိုင် ၂၂
တောင်သူကြီးများအနေဖြင့် ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးခဲ့သဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်လာသည်ကို မြင်တွေ့နေရပြီ ဖြစ်ပါကြောင်း၊ သဘာဝမြေသြဇာများအသုံးပြု၍ ဓာတ်မြေသြဇာသုံးစွဲမှုများလျှော့ချကြရန်နှင့် အထွက်နှုန်းများ တိုးတက်ရန်အတွက် မျိုးကောင်းမျိုးသန့်စပါးများဖြင့် ပြောင်းလဲစိုက်ပျိုးခြင်း၊ ခေတ်မီစိုက်ပျိုးနည်းစနစ် ပြောင်းလဲစိုက်ပျိုး ခြင်းများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာ တောင်သူဦးစိုးလှိုင်၏ လယ်ဧက၌ ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေး ပျိုးထောင်စိုက်ပျိုးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက ပြောကြားခဲ့သည်။
အဆိုပါစိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်း ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငါးတဲစုကျောင်းတိုက်ဓမ္မာရုံ၌ ပြုလုပ်သည့် နွားရေတိုက်ကျေးရွာအုပ်စုအတွင်း မိုးစပါး အကျိုးတူလယ်ယာစနစ် (Contract Farming) ဆောင်ရွက်မည့် တောင်သူများထံသို့ ယူနိုက်တက်ဧရာဝတီကုမ္ပဏီ (အများနှင့်သက်ဆိုင်သော ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ)မှ စိုက်ပျိုးစရိတ်ပေးအပ်ခြင်းနှင့် ဩဂဲနစ်စိုက်ပျိုးတောင်သူများထံ သဘာဝမြေဩဇာ ပေးအပ်ပွဲအခမ်းအနားတွင် မိမိတာဝန်ယူချိန်မှစ၍ စိုက်ဧကများပြည့်မီရေး၊ ဧရာဝတီပေါ်ဆန်း အရည်အသွေးကောင်းမွန်စေရေးနှင့် ဈေးကွက်ပြန်လည်ရရှိရေးအတွက် သုတေသနများပြုလုပ်ရန် တောင်သူများ၊ စိုက်ပျိုးရေးပညာရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါတွင် အရည်အသွေးပြည့်ဝသည့် ဓာတုကင်းလွတ်ပေါ်ဆန်းများအား နွားရေတိုက်ကျေးရွာအတွင်း စိုက်ပျိုးထုတ်လုပ်နေပြီဖြစ်ပါကြောင်း၊ မြေဆီလွှာပြုပြင်ခြင်း၊ သဘာဝမြေဩဇာပိုမိုသုံးစွဲစေခြင်းနှင့် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ)ထည့်သွင်းခြင်းတို့အတွက် စိုက်ပျိုးရေးသုတေသန လုပ်ငန်းများအပြင် ဈေးကွက်သုတေသနလုပ်ငန်းများ အစဉ်ပြုလုပ်နေရန် လိုအပ်ပါကြောင်း၊ လာမည့်နှစ်စိုက်ပျိုး ရာသီတွင် စိုက်ဧကအားလုံး တိုင်းလုံးကျွတ် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)အပြည့်အဝထည့်သွင်း စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ ဧရာဝတီပေါ်ဆန်းများ မူလအရည်အသွေးသို့ ပြန်လည်ရောက်ရှိစေရေးအတွက် စနစ်တကျဖြင့် တောင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ပါက ဆန်အရည်အသွေးများလည်း တိုးတက်လာမည်ဖြစ်ပါကြောင်းနှင့် သဘာဝမြေဩဇာ အသုံးပြု၍ ဓာတုကင်းလွတ်ပေါ်ဆန်းစိုက်ဧက(၂၀၀)အား စိုက်ပျိုးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် ရာသီဥတုဖောက်ပြန်မှုများ ရှိနေသကဲ့သို့ စိုက်ပျိုးရာတွင်လည်း သတိပြုလိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် တစ်ဧက အထွက်နှုန်းများတိုးတက်စေရေးအတွက် တောင်သူများအားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်မှသာ ပန်းတိုင်အထွက်နှုန်းရောက်ရှိမှာဖြစ်ပါကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ယူနိုက်တက်ဧရာဝတီကုမ္ပဏီ (အများနှင့်သက်ဆိုင်သောဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ)မှ အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ဝင် ဦးအောင်မင်းနိုင်က စိုက်ပျိုးစရိတ်ပေးအပ်ခြင်းနှင့် ဩဂဲနစ်စိုက်ပျိုးတောင်သူများထံ သဘာဝမြေဩဇာများ ပေးအပ်ရသည့်အကြောင်းအရင်းများကို ရှင်းလင်းပြောကြားပြီး အကျိုးတူစနစ်ဖြင့် ဆောင်ရွက်မည့် တောင်သူများအား စိုက်ပျိုးစရိတ်များ ထောက်ပံ့ပေးအပ်ရာ အခမ်းအနားသို့ တက်ရောက်လာသော တောင်သူများကိုယ်စား တောင်သူသုံးဦးက လက်ခံရယူခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)၏ သုတေသနအရာရှိ (တာဝန်ခံ)ဒေါ်ဖြူပြာလွင်က ဩဂဲနစ်ပေါ်ဆန်းစပါး စိုက်ပျိုးရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် စိုက်ပျိုးရေးတောင်သူများထံ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့သော သဘာဝမြေဩဇာများ လွှဲပြောင်းပေးအပ်ခဲ့သည်။ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်စေရေး၊ သဘာဝေမြဩဇာများပိုမိုသုံးစွဲစေရေး၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များ အသုံးပြုစေရေးနှင့်တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေး ဆောင်ရွက်ရန်နိဂုံးချုပ်အမှာစကားများ ပြောကြား၍ အကျိုးတူလယ်ယာစနစ်ဆောင်ရွက်နေမှုနှင့် ပေါ်ဆန်းစပါးမျိုးအားကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ငါးတဲစုကျောင်းဆရာတော်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား တင်ပြလျှောက်ထားပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ မအူကုန်ကျေးရွာအုပ်စု၊ ဒေါင့်မှန်ကျေးရွာရှိ ဦးမောင်မောင်သော်၏ “ဇာမဏီ” ပြာစိမ်းနွားမျိုးသန့် မွေးမြူရေးခြံသို့ သွားရောက်၍ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများဖြင့် ဇီဝမြေဩဇာ ထုတ်လုပ်မှု၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုအခြေအနေများကို မေးမြန်းခဲ့ပြီး ဇီဝမြေဩဇာများ တိုးချဲ့ထုတ်လုပ်နိုင်ရန်နှင့် မြေလွတ်နေရာများတွင် ဇီဝမြေဩဇာအသုံးပြု၍ သီးပင်စားပင်များ စိုက်ပျိုးနိုင်ရေးမှာကြားခဲ့ပြီး မွေးမြူရေးခြံအတွင်း ပြာစိမ်းနွားမျိုးသန့်မွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကာ စနစ်တကျမွေးမြူစေရေး၊ တိရစ္ဆာန်စွန့်အညစ်အကြေးများအား သဘာဝမြေဩဇာအဖြစ်အသုံးပြုစေရေမှာကြားခဲ့သည်။ အဆိုပါ “ဇာမဏီ” ပြာစိမ်းနွားမျိုးသန့် မွေးမြူရေးခြံတွင် (၂)နှစ်အောက်နွား (၂၇)ကောင်၊ (၂)နှစ်အထက် (၃၀)ကောင်၊ စုစုပေါင်း (၅၇)ကောင်မွေးမြူထားကြောင်းသိရသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရေကြည်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း တေဇာသီရိခန်းမ (၁၁၀ပေ×၅၄ပေ)တိုးချဲ့ပြုပြင်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ထားသောကာလများ အတွင်း အချိန်မီပြီးစီးစေရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့် စံချိန်စံညွှန်းများပြည့်မီရေးနှင့်ရေရှည် တည်တံ့အောင် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ စနစ်တကျဆောင်ရွက်ရေး မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျုံပျော်မြို့နယ်၊ မြေရဲတောင်ကျေးရွာအုပ်စု၊တောင်သူ ဦးသိန်းတန်၏ လယ်ဧက(၂)ဧက၍ ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် မျိုးကောင်း၊ မျိုးသန့်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ၊ RS to CS မျိုးစေ့ထုတ်စိုက်ခင်းအား ကြည့်ရှုအားပေးပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးစပါးတစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက် ထွက်ရှိရေးအတွက် သွင်းအားစု(ဓာတ်မြေဩဇာ+သဘာဝမြေဩဇာ) ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ရာ လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးက ကျုံပျော်မြို့နယ်အတွင်းရှိ လယ်ဧကများအလိုက် မိုးစပါးတစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက် ထွက်ရှိရေးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပီလောပီနံစိုက်ပျိုးပြီးစီးမှု အခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မိုးစပါးစိုက်ပျိုး ရာသီချိန်ဖြစ်၍ တောင်သူများအားတွေ့ဆုံအားပေးခြင်း ဖြစ်ပါကြောင်း၊ လာမည့်နှစ်တွင် တိုင်းလုံးကျွတ် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)အပြည့်အဝ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သဘာဝမြေသြဇာများအသုံးပြု၍ ဓာတ်မြေသြဇာသုံးစွဲမှုများလျှော့ချကြရန်၊ အထွက်တိုး မျိုးကောင်း မျိုးသန့်များသုံးစွဲကြရန်၊ ပီလောပီနံစိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်နှင့် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းသည် စပါးအထွက်တိုးခြင်း၊ ကုန်ကျစရိတ်များသက်သာခြင်းတို့ကြောင့် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုစေရေးမှာကြားခဲ့ပြီး တောင်သူများ အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် သွင်းအားစုများ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)