အုတ်တွင်း ဇူလိုင် ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ မိုးစပါးစိုက်ပျိုးဧက ပန်းတိုင်အထွက်ရရှိစေရေး တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့်တာဝန်ရှိသူများမှ အသေးစိတ်ဆွေးနွေး အကြံပြုခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးညီညီက မိုးစပါး စိုက်ပျိုးဧက ပန်းတိုင်အထွက်ရရှိစေရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးထောက်ပံ့ငွေများအ ပြည့်အဝ ပြန်လည်ကောက်ခံရရှိရေး၊ သီးထပ်ဆောင်းသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ နွေစပါး တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေရရှိရေးကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးသည်။
အုတ်တွင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးဧက ၈၉၁၀၀ အားပန်းတိုင်အထွက်ရရှိစေရေး သက်ဆိုင်ရာတာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)