တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်ခရိုင်၏ မိုးစပါး စံပြကွက် စိုက်ခင်းများအတွက် မျိုးစပါး၊ ကွန်ပေါင်း ဓာတ်မြေဩဇာများနှင့် ကော်ဖီ၊ ကိုကိုး စိုက်ပျိုးမည့်သူများအတွက် ပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲတက်ရောက်

မြိတ် ဇူလိုင် ၂၂

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့လယ်ပိုင်းက မြိတ်မြို့ ပုလဲရတနာခန်းမ၌ ကျင်းပသည့် မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာများရှိ မိုးစပါး စံပြကွက်စိုက်ခင်းများ အတွက် မျိုးစပါး၊ ကွန်ပေါင်း ဓါတ်မြေဩဇာများနှင့် ကော်ဖီ၊ ကိုကိုး စိုက်ပျိုးမည့်သူများအတွက် ပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။

ထောက်ပံ့ပေးအပ်ပွဲတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီး၏  ဒေသဝမ်းစာ ဖူလုံမှုသည် (၇၃.၁၃)ရာခိုင်နှုန်းသာရှိသည့်အတွက် ခရိုင်/မြို့နယ်အလိုက် ဒေသဝမ်းစာဖူလုံမှု ရာခိုင်နှုန်း တိုးတက်ရရှိမှသာလျှင် တိုင်းဒေသကြီးတစ်ခုလုံးရဲ့ ဒေသဝမ်းစာဖူလုံမှု တိုးတက်လာမှာ ဖြစ်သည့်အတွက်  မိမိတို့ဒေသရဲ့ သီးနှံများတစ်ဧက အထွက်နှုန်းတိုးတက်ဖို့ အလေးထားဆောင် ရွက်ကြရမှာဖြစ်ကြောင်း၊ ရေမြေဒေသနဲ့ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် မျိုးစေ့များ၊ အရည်အသွေးပြည့်မီသည့် သွင်းအားစုများနဲ့ဒေသနဲ့ ကိုက်ညီသည့် စိုက်ပျိုးနည်းစနစ်တွေနဲ့ မှန်ကန်စွာ စိုက်ပျိုးဆောင်ရွက်နိုင်မှသာ အထွက်ကောင်းသည် ရလဒ်များရရှိနိုင်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ တွန်းအားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးသည် နှစ်ရှည်သီးနှံများ စိုက်ပျိုးအောင်မြင်သည့် တိုင်းဒေသကြီးဖြစ်တာနဲ့အညီ ယခုအခါမှာ ဈေးကွက် ဝင်အမယ်သစ် သီးနှံများဖြစ်သည့် မြေနိမ့်ကော်ဖီနဲ့ကိုကိုးတိုးချဲ့ စိုက်ပျိုးနိုင်ရေး စီမံဆောင် ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းထိုက်က ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာများရှိ မိုးစပါးစံပြကွက် စိုက်ခင်းများအတွက် မျိုးစပါး၊ ကွန်ပေါင်း ဓာတ်မြေဩဇာများနှင့် ကော်ဖီ၊ ကိုကိုး စိုက်ပျိုးမည့် တောင်သူများအတွက် ပျိုးပင်များ ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက မြိတ်ခရိုင်အတွင်းရှိ မိုးစပါး စံပြကွက်များအတွက် အကျိုးဆောင်တောင်သူများအား မျိုးစပါး(၁၂၀၀)အိတ်၊ ကွန်ပေါင်း ဓာတ်မြေဩဇာ(၆၀၀) အိတ်နှင့် ကော်ဖီ၊ ကိုကိုးစိုက်ပျိုးမည့် ပုဂ္ဂလိကခြံရှင်များအား ကော်ဖီ (၃၀၄၀၀)ပင်၊ ကိုကိုး (၂၀၀၀)ပင်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ အကျိုးဆောင် တောင်သူများနှင့် ပုဂ္ဂလိကခြံရှင်များကိုယ်စား ကျွန်းစုမြို့နယ်မှ တောင်သူ ဦးငွေဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ တနင်္သာရီတိုင်း ဒေသကြီး အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်မှာ မိုးစပါး (၂၂၃၇၄၇) ဧက၊ နွေစပါး (၇၉၈၉) ဧက၊ စိုက်ပျိုးနိုင်ခဲ့ပြီး အထွက်နှုန်းတင်းအနေနဲ့ (၁၆၆၃၀၉၆၇)တင်း ထွက်ရှိခဲ့ကာ ဒေသဝမ်းစာဖူလုံမှုအနေဖြင့် (၇၃.၁၇) ရာခိုင်နှုန်း ရရှိခဲ့၍ ယခင်နှစ်ထက် (၁.၈) ရာခိုင်နှုန်း တိုးတက်ရရှိခဲ့ပြီးဖြစ်ကြောင်း၊ ယခုနှစ် မိုးစပါးရာသီတွင် မိုးစပါးစိုက်ပျိုးရန် (၂၂၃၇၄၇) ဧကလျာထားခဲ့ပြီး ယခုအထိ (၉၂၉၈၂) ဧက စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်မြို့ မြိတ်တောင်ကျေးရွာတွင် ဒေသတွင်းစားသုံး နိုင်ရန်အတွက် မွေးမြူဆောင်ရွက်လျက်ရှိသည့် ထူးထူးတိုး အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီ မိတက်၏ ဥစားကြက်မွေးမြူရေးလုပ်ငန်းသို့  ရောက်ရှိခဲ့ကြရာ ကြက်မွေးမြူရေးခြံအတွင်း ဥစားကြက်များ မွေးမြူဆောင်ရွက်နေမှုအား ထူးထူးတိုးကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ကျော်က လိုက်လံရှင်းလင်းပြသရာ ဝန်ကြီးချုပ်မှ ကြည့်ရှုအားပေးခဲ့ကြပြီး မွေးမြူရေးခြံမှ ထွက်ရှိလာသည့်ကြက်ဥများ ဖြန့်ဖြူးရောင်းချရန် ဆောင်ရွက်နေမှုအား ကြည့်ရှုခဲ့ကြသည်။ မွေးမြူရေးခြံအတွင်း ဥစားကြက်အကောင်ရေ (၈၀၀၀၀)ကို ဝန်ထမ်းအင်အား(၉၀)ဦးကျော်ဖြင့် ကြက်ခြံ(၅)ခြံ မွေးမြူဆောင် ရွက်လျက်ရှိပြီး မွေးမြူရေးခြံများမှ တစ်နေ့လျှင်ကြက်ဥ (၆၅၀၀၀) ကျော်ထွက်ရှိကာ တိုင်းဒေသကြီးအတွင်း မြို့နယ်များမှ ကျေးရွာများအထိ ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )