စလင်း ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း မိုခါမုန်တိုင်းဖြစ်ပွားမှုကြောင့် ပျောက်ဆုံးပျက်စီးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်း (၇၉၃)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၆၃၄)ကတ်အား မိတ္တူပြန်လည်ထုတ်ပေးခြင်း အခမ်းအနားကို ဇူလိုင်လ ၂၁ ရက် နံနက် ၁၁ နာရီ ၄၅ အချိန်က စလင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သီရိပျံချီ ဦးတင့်လွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ရေဘေးသင့်အိမ်ထောင်စုများ လက်ဝယ်အရောက် ပေးအပ်ခြင်းကို ဆင်ဖြူကျွန်းမြို့ပေါ် (၃)ရပ်ကွက်မှ အိမ်ထောင်စု(၁၂၀)စု၊ မှတ်ပုံတင် (၂၅၁)ခု၊ သရက်ချဥ်ကျေးရွာအုပ်စု၊ အိမ်ထောင်စု (၁၁၈)စု မှတ်ပုံတင်(၃၀၉)ခုတို့ကို ဝန်ကြီးချုပ်မှ ပေးအပ်ခဲ့သည်။
ဆက်လက်၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းမှ နွယ်တမယ်ကျေးရွာအုပ်စုမှ အိမ်ထောင်စု(၉၁)စု နိုင်ငံသား စိစစ်ရေးကတ်ပြား (၂၂၂)ခု၊ သမြင် ကင်းကျေးရွာအုပ်စုမှ အိမ်ထောင်စု (၁၆၀)စု၊ မှတ်ပုံတင်(၃၉၀)ခုတို့ကို လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုမှ လည်းကောင်း၊ ပန်းတောကျေးရွာအုပ်စုမှ အိမ်ထောင်စု (၉၃)စု၊ မှတ်ပုံတင် (၂၃၂)ခုတို့အား လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ရဲမှူးကြီး လင်းထွဋ်မှ လည်းကောင်း၊ အိမ်ထောင်စု (၁၁၂)စု မှတ်ပုံတင် (၂၁၁)ခုတို့အား တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းခင်မှလည်းကောင်း၊ ညောင်အင်းကျေးရွာအုပ်စုမှ အိမ်ထောင်စု(၉၃)စု၊ မှတ်ပုံတင်(၁၀၀)ခုတို့အား ရေဘေးသင့်အိမ်ထောင်စုများ လက်ဝယ်အရောက် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ပေးအပ်ခဲ့သည်။
ထို့နောက်နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်း ပုံစံ(၆၆/၆)များ ပြန်လည်ပေးအပ်ခြင်းနှင့် ပတ်သက်၍ သမြင်ကင်းကျေးရွာအုပ်စု ကညှပ် ကျေးရွာ ရပ်မိရပ်ဖ ဦးကျော်လင်းဦးမှ ကျေးဇူးတင်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။
(မောင်လွင်)စလင်း