တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြို့တွင် ဒီရေတောသစ်ပင် စိုက်ပျိုးပွဲတက်ရောက် စိုက်ပျိုးပေးပြီး မြိတ်တက္ကသိုလ်တွင် ပါရဂူဘွဲ့ သင်တန်းနှင့် လူငယ်နှင့် လောက နီတိသင်တန်းဖွင့်ပွဲ တက်ရောက်

မြိတ် ဇူလိုင် ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက မြိတ်မြို့ မြိတ်တောင်ကျေးရွာ ငါးလေလံဈေး အနီးတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် (အကြို) မိုးရာသီ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲတော်တွင် ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများက တက်ရောက်လာကြ သူများအား ဒီရေတောပျိုးပင်များအား ပေးအပ်ခဲ့ကြပြီး ဝန်ကြီးချုပ်သည် ဝန်ကြီးများ၊ တာဝန်ရှိ သူများနှင့် အတူ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုပေါင်း၍ ဒီရေတောပျိုးပင် (၁၄၅၀)ပင် စိုက်ပျိုးပေးခဲ့ကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည့် ပါရဂူဘွဲ့ သင်တန်းနှင့် လူငယ်နှင့်လောကနီတိ သင်တန်းဖွင့်ပွဲတက်ရောက်ခဲ့ကြရာ သင်တန်းကို မြိတ်တက္ကသိုလ် ပါရဂူဘွဲ့ သင်တန်းသား/သူများက “ဖိတ်လျက်ကြိုနေ မြိတ်တက္ကသိုလ်မြေ” တေးသီချင်းဖြင့် ဂါရဝပြု သီဆိုဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက် ဝန်ကြီးချုပ် ဦးမြတ်ကိုက ကျောင်းသား၊ ကျောင်းသူများသည် ပညာစွမ်းရည်၊ ဉာဏ စွမ်းရည်များအပြင် လူမှုစွမ်းရည်လည်း မြင့်မားတဲ့သူများ ဖြစ်ဖို့လိုကြောင်း၊ နိုင်ငံတော်မှ လိုအပ် လျက်ရှိသည့် နိုင်ငံတကာ အဆင့်မီ ကျွမ်းကျင်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွက်လာစေရန်အတွက် ပါရဂူဘွဲ့ သင်တန်းကို ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြိတ်တက္ကသိုလ် ပါမောက္ခချုပ်နှင့်တကွ တာဝန်ရှိ ပုဂ္ဂိုလ်များ၏ ပံ့ပိုးကူညီမှုနှင့် အတူ ယနေ့မှာ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ခြင်းအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အနာဂတ်၏ မီးရှူးတန်ဆောင်များဖြစ်သည့် ကျောင်းသား/သူ လူငယ်မောင်မယ်များကို လူကောင်း လူတော် များ ဖြစ်စေရန် ဝန်းကျင်ကောင်းများ တည်ဆောက်ပေးခဲ့သည့်အတွက် မြိတ်တက္ကသိုလ် ကိုယ်စား ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနဲ့ အစဉ်အလာကောင်းများကို စုပေါင်းအင်အားဖြင့် ဆက်လက် ထိန်းသိမ်းသွားကြဖို့ တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က Video conference ဖြင့် တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားပြီး မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းသန်းက ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ ပါမောက္ခချုပ်က ဝန်ကြီးချုပ် အား ပါရဂူဘွဲ့သင်တန်းဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပြီး ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ စိုးမိုးလွင်က ပါရဂူဘွဲ့ သင်တန်းသားများအား ပါရဂူဘွဲ့သင်တန်းသား အသိအမှတ်ပြုလွှာများ ပေးအပ်သည်။

ယင်းနောက် မြိတ်မြို့ ဒေသခံဆရာမကြီး ဒေါ်တင်တင်ထွေးက ဝမ်းမြောက်ပီတိစကား ပြောကြားသည်။ မြိတ်တက္ကသိုလ်တွင် ဖွင့်လှစ်ခဲ့သည့် ပါရဂူဘွဲ့သင်တန်းကို သင်တန်းသား/သူ (၁၁)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ(၁)နှစ် ဖွင့်လှစ်သွားမည်ဖြစ်ကာ လူငယ်နှင့် လောကနီတိသင်တန်းကို သင်တန်းသား/သူ(၁၂၄)ဦး တက်ရောက်ကြ၍ ဇူလိုင်(၂၀)ရက်မှ ဩဂုတ်(၇)ရက်ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြိတ်တက္ကသိုလ် ဆရာ/မများနှင့် ဝန်ထမ်းများ၊ မိသားစု များ၊ ကျောင်းသား/သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများက Biometric အချက်အလက်များ ကောက်ယူ ရာတွင် အသုံးပြုသည့် စက်ပစ္စည်းများဖြင့် စာရင်းကောက်ယူ ဆောင်ရွက်နေမှုများအား ကြည့်ရှု အားပေးခဲ့ကြသည်။ မြိတ်မြို့၌ Biometric Data များ စာရင်းကောက်ယူ ဆောင်ရွက်ပြီးစီးသည့် တစ်ဦးချင်းစီအား  QR Code ပါသည့်  Unique ID နံပါတ် စာရွက် ပြန်လည်ထုတ်ပေးခဲ့ရာ ဇူလိုင်လ ၂၁ ရက်နေ့အထိ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်(၁၁၀၀)ဦးကျော်ကို စာရင်း ကောက်ယူဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)