ဂန့်ဂေါမြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဂန့်ဂေါ ဇူလိုင် ၂၂

သစ်ပင်သစ်တောများ စိမ်းလန်းစိုပြေရေးနှင့် ရာသီဥတုမျှတစေရန်ရည်ရွယ်၍ မကွေးတိုင်း ဒေသကြီး၊ ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်၊ မြစ်သာခန်းမရှေ့ရှိ လေယာဉ်ကွင်းလမ်းတွင် ယမန်နေ့ နံနက် ၈ နာရီအချိန်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်ခဲ့သည်။

ဂန့်ဂေါမြို့အတွင်း စိမ်းလန်းစိုပြေရေးနှင့် ရာသီဥတုမျှတစေရန်အတွက် သစ်ပင်စိုက်ပျိုးခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်းဦးနှင့် အဖွဲ့ဝင်များဦးဆောင်၍ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ ဝင်များ၊ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အမျိုးသမီး ရေးရာ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ် သစ်တော ဦးစီးဌာနဝန်ထမ်းများ စုစုပေါင်း(၂၀၀)ဦးတို့က ပျော်ရွှင်စွာစိုက်ပျိုးခဲ့ ကြသည်။

ဂန့်ဂေါမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အပူဒဏ်ကာကွယ်ရန်အတွက် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများအား တစ်ဌာနလျှင် အနည်းဆုံး (၅)ပင်နှုန်းဖြင့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ရာများ၊ လမ်းဘေး ဝဲယာများတွင် ဌာနများအစီအစဉ်ဖြင့် တမာပင်များ စိုက်ပျိုးခဲ့ရာ တမာပင် စုစုပေါင်း (၅၀၀)ပင်အား စိုက်ပျိုးပြီးခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် တမာပင်ပေါင်း(၇၈) ပင်အား ထပ်မံစိုက်ပျိုးခဲ့ကြပြီး ဂန့်ဂေါမြို့တွင် တမာပင် စုစုပေါင်း(၅၇၈) ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ထင်အောင်နိုင်(ပြန်/ဆက်)