ငဖဲမြို့နယ်၌ ဆီထွက်သီးနှံနေကြာစိုက်ဧက ၃၁၁  ဧကစိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

ငဖဲ ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကျေးရွာအုပ်စု  (၂၀) အုပ်စုတွင် ဆီထွက်သီးနှံနေကြာစိုက်ဧက  ၃၁၁  ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ရာ နေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

နေကြာသီးနှံစိုက်ပျိုးရာတွင် ကျေးရွာအုပ်စု ၂၀  အုပ်စုမှ တောင်သူများ၏ယာမြေများ၌ ဆင်းရွှေ ကြာ-၂ မျိုးနှင့်ရေဆင်း(၁)စပ်မျိုး ဧက (၅၀၀) စိုက်ပျိုးရန်လျာထားပြီး လက်ရှိ သီးသန့်စိုက်ဧက ၆၇ ဧက၊ သီးညှပ် ၂၄၄ ဧက စုစုပေါင်း  ၃၁၁ ဧကကို ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် စိုက်ပျို ပြီး မိုးလယ်နှင့် မိုးနှောင်းကာလတို့တွင် ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် ယခင်နှစ်က မိုးသီးနှံ နေကြာ (၃၉၁) ဧကစိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်း (၁၅.၂၅) တင်း ထွက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လိုအပ်သောမျိုးကောင်းမျိုးသန့်များရရှိနိုင်ရေးအတွက် ရေဆင်း စပ်မျိုး(၁) ၁၀ ဧကနှင့်ဆင်းရွှေကြာ-၂ ဧက ၄၀ စုစုပေါင်း မျိုးစေ့ထုတ် ဧက ၅၀ စိုက်ပျိုးထားရှိကြောင်း၊ တောင်သူများအနေဖြင့် ဆီထွက်သီးနှံ မိုးနေကြာစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းရေးအတွက်  သိပ္ပံနည်းကျစနစ်တကျစိုက်ပျိုးရေး၊ အပင်ပြုစုစောင့်ရှောက်ရေးနည်းစနစ်များနှင့် ပိုးမွှားရောဂါကြိုတင်ကာကွယ် ရေးနည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်သိန်းနှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)