ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာရှိ ရိုးရာအစားအစာ ကြက်ဥမရွေးမုန့်လုပ်ငန်းအား ထုတ်ကုန် အရည်အသွေး ဖွံ့ဖြိုးတိုးတက်စေရေး ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပွင့်ဖြူ ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာတွင် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းအဖြစ် ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည့် ရိုးရာအစားအစာ ကြက်ဥမရွေးလုပ်ငန်းအား စားသုံးသူပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် ထုတ်ကုန်အရည်အသွေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဇူလိုင် ၂၁ ရက်၊ ယနေ့နံနက် ၁၀ နာရီက မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်စိုးစိုးစံ ဦးဆောင်သော ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်စိုးစိုးစံ ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ပွင့်ဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာရှိ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းအဖြစ် ထွန်းအမှတ်တံဆိပ်နှင့် မြတ်မွန်ရတနာ အမှတ်တံဆိပ် ကြက်ဥမရွေးမုန့်(ရိုးရာအစားအစာ) ထုတ်လုပ်နေမှု လုပ်ငန်းခွင်အား သွားရောက်ကာ လုပ်ငန်းရှင် များနှင့် တွေ့ဆုံ၍ ဒေသထွက် ရိုးရာအစားအစာ ကြက်ဥမရွေးမုန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာ၌ စားသုံးသူပြည်သူလူထု အစားအစာ ဘေးကင်းလုံခြုံရေး အလေးထား ဆောင်ရွက်ရန်၊ ထုတ်ကုန်အရည်အသွေး တိုးတက်မြင့်မားရေးနှင့် ပိုမိုထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် အသေးစား၊ အငယ်စား၊ အလတ်စား(MSME) လုပ်ငန်းများအတွက် လိုအပ်သည့် နည်းပညာနှင့် အတိုးနှုန်း သက်သာသော ချေးငွေများ ရယူလိုပါက လျှောက်ထားဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဝင်ငွေတိုးပွားရေးအတွက် ခိုင်မာသော ဈေးကွက်ရရှိအောင် ဖော်ဆောင်နိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး လုပ်ငန်းရှင်များမှ အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ထွန်းအမှတ်တံဆိပ်နှင့် မြတ်မွန်ရတနာ အမှတ်တံဆိပ် ကြက်ဥမရွေးမုန့်(ရိုးရာအစားအစာ) ထုတ်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကုန်ထုတ်လုပ်မှုစွမ်းအား တိုးတက်မြင့်မားရေးနှင့် ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး ထုတ်လုပ်မှုပုံစံဖြင့် အရည်အသွေး ကောင်းမွန်သော ထုတ်ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ် ဖြန့်ဖြူးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )