တောင်တွင်းကြီးမြို့နယ်တွင် မိုးစပါးဆင်းသုခ RS to CS မျိုးသန့်မျိုးစေ့ထုတ်စိုက်ကွက် စံပြကွက်တောင်သူပညာပေး လက်တွေ့စိုက်ပျိုးနေမှုအားကြည့်ရှုအားပေး

တောင်တွင်းကြီး  ဇူလိုင် ၂၂

မိုးစပါး ဆင်းသုခ RS to CS မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း စံပြကွက် တောင်သူပညာပေး လက်တွေ့စိုက်ပျိုးခြင်းကို ယနေ့ နံနက် ၈ နာရီက မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်၊ ဝါးခြမ်းကာ ကျေးရွာရှိ တောင်သူ ဦးသန့်ဇင်ဦး၏  ကွင်းအမှတ် ၁၉၉၉(က)ရှိ သုံးဧက စိုက်ခင်း၌ကျင်းပရာ စိုက်ပျိုးနေမှုအား မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

ဒေသခံတောင်သူများအ‌နေဖြင့် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်း၊ မျိုးကောင်းမျိုးသန့် မျိုးစေ့များ အလွယ်တကူ ရရှိစိုက်ပျိုးနိုင်စေရေး၊ လယ်ယာကဏ္ဍ ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် တောင်သူများကိုယ်တိုင် စီးပွားဖြစ် မျိုးကောင်း မျိုးသန့်မျိုးစေ့များ ထုတ်လုပ်နိုင်ရန်၊ ဒေသတွင်း မျိုးစေ့များ အလွယ်တကူ ဝယ်ယူရရှိနိုင်ရန် စိုက်ပျိုးပခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း နည်းပညာများ၊ ဓာတ်မြေသြဇာ အချိန်ကိုက် အချိုးညီသုံးစွဲခြင်း၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ် နှိမ်နှင်းခြင်း နည်းပညာများ၊ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ တောင်သူများ အနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်နှုန်းကောင်းမွန်သည့် စပါးမျိုးများကိုသာ  ပြောင်းလဲစိုက်ပျိုးသင့်ကြောင်း   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဒေါ်ခင်မျိုးအေး ထံမှ  သိရသည်။

အောင်ကို(ပြန်/ဆက်)