ကျုံပျော်တွင် Mask စနစ်တကျ တပ်ဆင်သွားလာ‌ရေး စစ်ဆေးခြင်းများ ဆောင်ရွက်

ကျုံ​ပျော် အောက်တိုဘာ ၁၃

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် အပြင်ထွက် သွားလာသူများတွင် Mask  စနစ်တကျ တပ်ဆင်သွားလာ‌ရေး စစ်ဆေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဗိုလ်ချုပ်လမ်းနှင့် မြို့မဈေးရှေ့တို့တွင် သွားလာကြသူများအား Mask စနစ်တကျတပ်ဆင် သွားလာကြရေးကို အသံဖွင့်လှုံ့ဆော်ခြင်း၊ စစ်ဆေးခြင်း၊ အသိပေးခြင်း များကို ဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။

Mask မပါရှိသူများကိုလည်း ယခုဝယ် ယခုတပ်စနစ် ဆောင်ရွက်ပေးလျက်ရှိရာ ရောဂါကာကွယ်‌ရေး ပေါ့ဆမှုမရှိစေရန် အတွက်လည်း အသိပညာပေး လှုံ့ဆော်ခြင်းများကို မြို့နယ်အတွင်းရှိ ဒေသများအလိုက် ဆောင်ရွက်‌‌ပေးလျက်ရှိကြောင်း သိရသည်။

နေဝင်းမြင့် (ကျုံပျော်)