ကန့်ဘလူ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကန့်ဘလူ ဇူလိုင် ၂၁

မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားကူးစက်တတ်သော ရောဂါများ မဖြစ်ပွားစေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်( ၃)ရပ်ကွက်ရှိ အထက(ခွဲ)ညောင် အိုင်ကျောင်းနှင့် ရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းတို့ကို ဇူလိုင် ၂၁ ရက်နံနက် ၉ နာရီခွဲက တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမျိုးဝင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ ငှက်ဖျားတိုက်ဖျက်ရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်များ ပူးပေါင်းအဖွဲ့သည် အထက(ခွဲ)ညောင်အိုင် ကျောင်း၌ ရေလှောင်ကန်များ၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ပြီး၊ ညောင်အိုင်ရပ်ကွက်ရှိ နေအိမ်များ၌ ရေတွင်း၊ ရေကန်များ၊ ရေစည်၊ စဥ့်အိုးများထဲသို့ အဘိတ်ဆေးခတ်ခြင်း၊ ရေတင်နိုင်သည့်နေရာများနှင့် ဘုရားပန်းအိုး၊ ညောင်ရေးအိုး၊ ပန်းအိုးများတွင် ပိုးလောက်လန်းကျရောက်မှုမရှိစေရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ကာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)