ဘားအံ ဇူလိုင် ၂၁
ရေနေသယံဇာတများကိုထိန်းသိမ်း၍ ငါးရိက္ခာဖူလုံပြီး စဉ်ဆက်မပြတ် စားသုံးနိုင်စေရေးအတွက် ဒေသတွင်း သဘာဝရေပြင် မြစ်၊ ချောင်း၊ အင်း၊ အိုင် များအတွင်း ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာ ဂျိုင်းမြစ်အတွင်း ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇာသပြင်ကျေးရွာ ကျိုက်ပံကရုံစေတီတော် ပရိဝုဏ် အတွင်းရှိ ကျိုက်ပံကရုံဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်၍ ဖူးမြှော် ကြည်ညိုကာ ပြည်နယ်ဝန်ကြီးချုပ်က ဧည့်သည်တော်မှတ်တမ်းတွင်မှတ်တမ်းရေးထိုးပေးသည်။
ထို့နောက် ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ဇာသပြင်ကျေးရွာ ဂျိုင်းမြစ်အတွင်း ငါးမျိုး စိုက်ထည့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများက ရှင်သန်ပေါက်ပွားရန် အကောင်းဆုံး အရွယ်ရှိသော နှစ်လက်မအောက်ခံအရွယ် ငါးခုံးမကြီးကောင်ရေ တစ်သိန်း၊ ငါးမြစ်ချင်းကောင်ရေတစ်သိန်း စုစုပေါင်းကောင်ရေ နှစ်သိန်းကို ဂျိုင်းမြစ်အတွင်း ငါးမျိုး စိုက်ထည့်ပေးခဲ့ကြသည်။
ယခုစိုက်ထည့်ပေးခဲ့သော ငါးမျိုးများသည် ဂျိုင်းမြစ်နှင့် ဆက်စပ်ရေပြင်များအတွင်း ရှင်သန်ကြီးထွားပေါက်ပွားပြီး ပတ်ဝန်းကျင်ဒေသများတွင် နေထိုင်ကြသည့် ဒေသခံ တိုင်းရင်းသားပြည်သူများ အလွယ်တကူ ဖမ်းယူစားသုံးနိုင်မည်ဖြစ်ကာ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီအတွင်း ငါးမျိုးစိုက်ထည့်ပွဲ (၈)ကြိမ်ဖြင့် ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသော ငါးသားပေါက်ကောင်ရေ တစ်ဆယ့်သုံးသိန်းကျော်ကို ငါးမျိုးစိုက်ထည့်ပေးသွားရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုအခါ ငါမျိုးစိုက်ထည့်ပွဲလေးကြိမ်ဖြင့် ငါးသားပေါက်ကောင်ရေ ခုနှစ်သိန်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဘားအံတက္ကသိုလ်၏ နှစ်(၂၀)ပြည့် အထိမ်းအမှတ် သုတေသန စာတမ်းဖတ်ပွဲကို ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က အဆိုပါတက္ကသိုလ်၊ ပတ္တမြားနယ်မြေ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
သုတေသနစာတမ်းဖတ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိုင်ငံတစ်နိုင်ငံအတွက် သုတေသနလုပ်ငန်းသည် မရှိမဖြစ်သောလုပ်ငန်းတစ်ခုဖြစ်ပြီး ခေတ်နှင့်အညီ ခေတ်မီစွာဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းခွင်တိုင်းတွင် သုတေသနပြုနေရမည်ဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လူမှုအသိုက်အဝန်း၏ လိုအပ်ချက်၊ ဒေသ၏ လိုအပ်ချက်၊ နိုင်ငံအတွက် အရေးကြီး လိုအပ်ချက်များကို အထောက်အကူပြုမည့် သုတေသနများ ကို ဦးစားပေးဆောင်ရွက်ရန်သာမက နိုင်ငံတကာအဆင့်မီ သုတေသနလုပ်ငန်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ မိမိတို့၏ ပညာအရည်အသွေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူသူများဖြစ်အောင်၊ နိုင်ငံတော်မှ အားထားရသည့် ထူးချွန်ထက်မြက်သော သုတေသနပညာရှင်များဖြစ်အောင် အစွမ်းကုန်ကြိုးစားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက သုတေသနစာတမ်းဖတ်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သုတေသနစာတမ်းဖတ်ပွဲကျင်းပရေး ကော်မတီအတွင်းရေးမှူး (ဝိဇ္ဇာဘာသာရပ်)နှင့် ကျင်းပရေး ကော်မတီအတွင်းရေးမှူး(သိပ္ပံဘာသာရပ်)တို့က ဖတ်ကြားမည့် စာတမ်းခေါင်းစဉ်များကို တင်ပြပြီး ကျောင်းသား၊ ကျောင်းသူများက အသီးတစ်ရာအညှာတစ်ခု သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
အဆိုပါ သုတေသနစာတမ်းဖတ်ပွဲတွင် ဘားအံတက္ကသိုလ်ရှိ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ နည်းပြ၊ သရုပ်ပြများက ဝိဇ္ဇာဘာသာရပ်သုတေသနစာတမ်း(၁၁)စောင်၊ သပ္ပံဘာသာရပ်စာတမ်း (၁၄) စောင် စုစုပေါင်းစာတမ်း (၂၅)စောင်ကို ဖတ်ကြားခဲ့ကြသည်။
အလားတူ မုတ်သုန်ရာသီတွင် ကရင်ပြည်နယ်၏ ခရီးစဉ်ဒေသများသို့ ဧည့်သည်များ လာရောက်အပန်းဖြေလည်ပတ်ရာတွင် အေးချမ်းသာယာစွာနှင့် စိတ်ကျေနပ်မှုရှိစေရေး ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ(၇/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်းရှိ ခရီးစဉ်ဒေသများ၏ လုံခြုံရေးနှင့် သန့်ရှင်းသာယာလှပရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး မိုးရာသီတွင် ကရင်ပြည်နယ်၏ စိမ်းလန်းစိုပြေသော သဘာဝတောတောင်ရှုခင်းအလှအပများကို လာရောက်ကြည့်ရှုလေ့လာအပန်းဖြေကြသူများဖြင့် ခရီးသွားဧည့်သည်ဝင်ရောက်မှု တိုးတက်လာကြောင်း၊ ခရီးသွားများ၏ အခက်အခဲကို ဖြေလျော့ပေးနိုင်မှသာ ဧည့်သည်ဝင်ရောက်မှု ပိုတိုးလာနိုင်မည်ဖြစ်သည့်အတွက် နည်းလမ်းများ ကိုရှာဖွေဖြေလျော့ပေးရမည်ဖြစ်ကြောင်း၊ လာရောက်လည်ပတ်သူများ စိတ်အေးချမ်းသာစွာဖြင့် စိတ်ကျေနပ်မှု ရရှိအောင် တာဝန်ရှိသူအဆင့်ဆင့်က ဆောင်ရွက်ပေးကြစေလိုပြီး ရိုးရာယဉ်ကျေးမှုအတီး၊ အမှုတ်၊အက၊အခုန်များဖြင့် ဖျော်ဖြေတင်ဆက်မှုများ စီစဉ်ထည့်သွင်းပေးစေလိုကြောင်း၊ ဝါခေါင်လ တစ်လလုံးတွင် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲကို ကျင်းပလေ့ရှိပြီး ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုကို မြင်တွေ့နိုင်မည်ဖြစ်ပြီး ရသဝေါ်အင်းနှင့် ပါရမီတံတားကို ခရီးစဉ် ဒေသတစ်ခုဖြစ်အောင် စီမံဆောင်ရွက်ပေးကြစေလိုကာ ခရီးသွားလုပ်ငန်းဆိုင်ရာ ပြပွဲ၊ပြိုင်ပွဲများ ကျင်းပနိုင်ရေး စီမံဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က မုတ်သုန်ရာသီတွင် ပြည်နယ်အတွင်းသို့ ခရီးသွားဝင်ရောက်မှု တိုးတက်လာပြီး ပိုမိုဝင်ရောက်လာစေရေး အကြံပြုဆွေးနွေးပေးကြစေလိုကာ အကောင်းဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားကာ ကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး(ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုနှင့် ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုရမည့် ကိစ္စရပ်များအား (Power Point) အသုံးပြုရှင်းလင်းတင်ပြသည်။
အစည်းအဝေးသို့ တက်ရောက်လာသူများက ယခုနှစ်မိုးရာသီတွင် စံချိန်တင် ခရီးသွားဧည့်သည် ဝင်ရောက်မှု၊ ဈေးကွက်မြှင့်တင်ရေးစီစဉ်ဆောင်ရွက်ထားမှု၊ ဒုံးအကဖြင့် Night Show ထည့်သွင်းဖျော်ဖြေနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)