ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က ငွေဆောင်တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

ငွေဆောင် ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.ကငွေဆောင်၊ မြယမုံအဆောင်တွင် ယနေ့နံနက် (၁၀း၀၀) နာရီအချိန်က ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့တွင် သီတင်းသုံးတော်မူသောဆရာတော်၊ သံဃာတော်အရှင်သူမြတ် ( ၅) ပါးတို့အား ပင့်ဖိတ်၍ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းအစုစုတို့ကိုဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီးအဆိုပါဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့မြို့အုပ်ချုပ်ရေးမှူးဦးသိန်းဇော်နှင့်ဌာနဆိုင်ရာများလည်းတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားစတင်ဖွင့်လှစ်ပြီး ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး တရားနာယူခဲ့ကြသည်။ ထို့နောက်ကြွရောက်လာကြသော ဆရာတော်ကြီးများအား မြို့အုပ်ချုပ်ရေးမှူးဦးသိန်းဇော်၊ ကျောင်းအုပ်ဆရာမကြီးဒေါ်အေမီသိန်းနှင့်ဆရာ၊ ဆရာမများမှ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းမှုအပြီးတွင် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဧည့်ပရိတ်သတ်များအား ထမင်းကျွေးဧည့်ခံခဲ့သည်။ အ.ထ.ကငွေဆောင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသည်နေ့လည် (၁၂း၃၀) အချိန်တွင်အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။

 R – 014 (ငွေဆောင်)