ရေတာရှည် ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဇူလိုင်လ(၂၁)ရက်နေ့ နံနက်ပိုင်းက ကျောက်ချောင်းကျေးရွာ(မူလွန်)ကျောင်းသို့ Mobile Library ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးဆုစံက စာအုပ်စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းများက ကိုယ်ကာယဥာဏစွမ်းရည်များဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများရရှိစေရေးရည်ရွယ်ကာ ရုပ်ပုံပြစာအုပ်နှင့် စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ်များဖြင့် ပုံပြောပြခြင်း၊ ကိုယ်လက်လှုပ်ရှားဆောင်ရွက်မှုများအား ကျောင်းသား၊ ကျောင်းသူများနှင့် အတူတကွပြုလုပ်ခဲ့သည်။
ထို့နောက် ကလေးငယ်များ စာဖတ်သည့်အလေ့အထများရရှိစေရန် စာဖတ်ဝိုင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး၊ မိုးရာသီတွင် အဖြစ်များသော ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေး၊ ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)