သာယာဝတီ ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများလိုက်ပါလျက် သာယာဝတီမြို့နယ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏အစီအစဥ်ဖြင့် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ် သူများ၏ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ အသားငါးနှင့် ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ယနေ့နံနက်ပိုင်းက သာယာဝတီမြို့နယ်၊ မြို့မစျေးရှေ့၌ သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် သာယာဝတီမြို့နယ်၊ ကျွဲသတ်အုပ်စု၊ ကျွန်းကုန်းကျေးရွာ၊ ရန်ကုန်ပြည်လမ်း မိုင်တိုင် အမှတ် ၈၃/၆ ရှိ ကွင်းအမှတ် ၁၂၀၂ ၊ ဦးပိုင်အမှတ် ၈၇ ရှိ တောင်သူ ဦးအောင်ကျော်မိုး ပိုင်ဆိုင် သော စံပြစိုက်ကွက်သို့ရောက်ရှိခဲ့ပြီးမိုးစပါး(၁) ဧကလျှင် တင်း (၁၀၀) ထွက်ရှိရေး စံပြမိုးစပါးအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။
ယင်းနောက် လက်ပံတန်းမြို့ ကန်တစ်ရာငါးမွေးမြူရေးစခန်းသို့ ရောက်ရှိပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ဆင့်ဌာဆိုင်ရာများနှင့် တွေ့ဆုံရာ မြို့နယ်သမဝါယမဦးစီးဌာန ကန်တစ်ရာငါးမွေးမြူရေးအသင်း ဥက္ကဋ္ဌ ဦးစမ်းကြိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကန်တစ်ရာငါးမွေးကန် ၃၆၂.၆၈ ဧကတွင် ငါးမြစ်ချင်း ငါးမျိုးများ မွေးမြူ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က ငါးမွေးမြူရေးကန်များကို ကြည့်ရှု စစ်ဆေးပြီး မြက်စားငါးမျိုးစိတ်များမွေးမြူရေး၊ အသားစားကြက်မွေးမြူ ရေးနှင့် ကန်ဘောင် များတွင် တစ်သျှူးငှက်ပျောမျိုးစိုက်ပျိုးခြင်းလုပ်ငန်းများ ထိထိရောက်ရောက် တိုးချဲ့လုပ်ဆောင် ကြရန် ဌာနဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့ပြီးကျွန်းကလေးကျေးရွာ တာဆုံအနီးရှိ ဦးလှဦး ဆန်စက်သို့ ရောက်ရှိကာ ဆန်စပါးကြိတ်ခွဲ သိုလှောင်ထားရှိမှု ၊ဆန်စပါးများအခြာက်ခံစက် အသုံးပြုနေမှုများအား ကြည့်ရှုလေ့လာခဲ့သည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊သုံးဆယ်မြို့၊ ဗေဒင်ကုန်းရပ်ကွက်၊ ရန်ကုန်ပြည်လမ်းဘေးရှိ စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ)ကျောင်းသို့ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ၏ စာတွေ့လက်တွေ့ စိုက်ပျိုးထားရှိသော စိုက်ပျိုးရေးသီးပင်စားပင်များ ၊မျိုးစေ့များနှင့် စိုက်ပျိုးရေးဆေးများစမ်းသပ်ပြုလုပ်ထားမှုများအား လေ့လာကြည့်ရှုခဲ့ရာ ကျောင်းအုပ်ကြီး ဒေါ်တင်မိုးထွဋ်က လိုက်လံရှင်းလင်းပြသခဲ့သည်။ ယင်းနောက်ဝန်ကြီးချုပ်မှ ကျောင်းသား၊ကျောင်းသူများ စားသောက်မှုအဆင်ပြေစေရန် ငွေကျပ်သိန်း(၂၀) ကျပ်အားလှူဒါန်းပေးရာ ကျောင်းအုပ်ကြီး ဒေါ်တင်မိုးထွဋ်က လက်ခံရယူခဲ့သည်။
ဆက်လက်၍ သာယာဝတီမြို့နယ်၊ အရှေရိုးကြီးရပ်ကွက်၊ ရန်ကုန်ပြည်လမ်းဘေးရှိ ဒေါ်သီတာလှ မိသားစု၏ ဒေသတွင်းစားသောက်ကုန် ကရေကရာနှင့်မုန့်မျိုးစုံ စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်ရောင်းချနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)