ဗန်းမောက်မြို့၌ ဝန်ထမ်းများအတွက် သတင်းရေးသားနည်းနှင့် ဗွီဒီယိုတည်းဖြတ်နည်းသင်တန်း သင်ကြားပို့ချ

ဗန်းမောက် ဇူလိုင် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် ဇူလိုင်လ (၂၀) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်က မြို့နယ်ရုံးရှိဝန်ထမ်းများအား သတင်းရေးသားနည်းနှင့် ဗွီဒီယိုတည်းဖြတ်နည်းသင်တန်းကို သင်ကြားပို့ချခဲ့သည်။

အဆိုပါသင်တန်းကို ရုံးရှိဝန်ထမ်းများအနေဖြင့် သတင်းရေးသားရာတွင် ကျွမ်းကျင်မှုရှိစေရန်၊ သတင်းဗွီဒီယိုများဆောင်ရွက်ရာတွင် ကျွမ်းကျင်လျင်မြန်စေရန်နှင့် သတင်းမီဒီယာသမားများလိုက်နာရမည့် တာဝန်နှင့်ကျင့်ဝတ်များကို သိရှိနားလည် လိုက်နာနိုင်စေရန်ရည်ရွယ်များဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။

သင်တန်းတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသူဟန်က အဖွင့်အမှာစကားပြောကြားပြီး သတင်းရေးသားနည်းကိုပို့ချရာ အခြေခံသတင်းစာပညာ၊ သတင်းရင်းမြစ်များ၊ သတင်း၏အခြေခံ ဖွဲ့စည်းတည်ဆောက်ပုံ၊ ဘ-ခြောက်လုံး၊ သတင်းကောင်းတစ်ပုဒ်အတွက်လိုအပ်ချက်များ၊ သတင်းကောင်းတစ်ပုဒ်ရေးနိုင်ရန် လိုအပ်ချက်များ၊ သတင်းမီဒီယာသမားများ လိုက်နာရမည့် တာဝန်နှင့်ကျင့်ဝတ်များနှင့် သတင်းရေးသားရာတွင် လိုက်နာရမည့်အချက်များ စသည့်အကြောင်းအရာများကို ရှင်းလင်းပို့ချခဲ့သည်။

ထို့နောက် ရုပ်သံကျွမ်းကျင်-၃ ဦးရဲအောင်က သတင်းဗွီဒီယိုတည်းဖြတ်နည်းဆိုင်ရာ အကြောင်းအရာများကို ပို့ချခဲ့ကြောင်း၊ အဆိုပါသင်တန်းကို သင်ကြားပို့ချခြင်းအားဖြင့် ရုံးဝန်ထမ်းများအနေဖြင့် သတင်းရေးသားပေးပို့ရာတွင် တိကျမှန်ကန်မှုရှိခြင်း၊ လျင်မြန်မှုရှိခြင်း၊ မျှတမှုရှိခြင်းနှင့်အတူ ကျွမ်းကျင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဗန်းမောက် (ပြန်/ဆက်)