ပဲခူး ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၁)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ တရားရုံးများမှဝန်ထမ်းမိသားစုများ၏ သား၊သမီးများအား ပညာသင်အထောက်အကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ အခြေခံပညာအထက်တန်းအောင် ကျောင်းသား/ သူများနှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ စည်းကမ်း၊ စံတန်ဖိုး အရည်အချင်းစစ်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်က ယနေ့လူငယ် နောင်ဝယ်လူကြီး၊ ကလေးများအနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရည်ပြည့်ဝမှ တိုင်းပြည်တင့်မည်၊ ပညာရည်ပြည့်ဝမှ အနာဂတ်သားကောင်းဖြစ်မည်ဆိုသည့်အတိုင်း လူငယ်များအနေဖြင့် ပညာကိုတန်ဖိုးထားကြိုးစားကြရန်၊ နိုင်ငံဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံ့ဝန်ထမ်းဥပဒေပါ ဝန်ထမ်းများ၏ကျင့်ဝတ်စည်းကမ်းများ၊ စံတန်ဖိုးများ၊ နိုင်ငံ့ဝန်ထမ်းတာဝန်၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များကို လေးစားလိုက်နာပြီး ထူးချွန်သည့်ဝန်ထမ်းကောင်းများဖြစ်ရန် ကြိုးစားဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်က တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ(၃)ဦးအားလည်းကောင်း၊ ပဲခူးတိုင်းဒသတရားလွှတ်တော်တရားသူကြွးများက နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ စည်းကမ်း၊ စံတန်ဖိုးအရည်အချင်းစစ်စာမေးပွဲ၌ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူ(၃)ဦးတို့အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ပဲခူးခရိုင်တရားသူကြီးတို့က အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းတို့တွင် ပညာသင်ကြားနေသော ကျောင်းသား/ သူ(၁၄၂)ဦးတို့အတွက် ကျောင်းသုံးပစ္စည်းများအားလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကျောင်းသားမိဘများက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)