ပင်းတယမြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ

ပင်းတယ ဇူလိုင် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ဆရာခန်းမ၌ ကျင်းပခဲ့ရာ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များသည် နိုင်ငံ၏အင်အား၊ နိုင်ငံ၏စွမ်းအား၊ နိုင်ငံ၏အရင်းအမြစ်များဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် လူငယ်များ၏အခန်းကဏ္ဍ၊ လူငယ်များ၏စွမ်းအား၊ လူငယ်များ၏ စိတ်ဓာတ်နှင့် မှန်ကန်သည့်အတွေးအခေါ်များကို မြှင့်တင်ပေးရမှာဖြစ်ပြီး တိုင်းပြည်၏အနာဂတ်သည် ယနေ့လူငယ်များအပေါ်တွင် တည်မှီနေပါကြောင်းနှင့် အနာဂတ်နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းပြီး နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်သွားကြမည့် ကျောင်းသားလူငယ်များအတွက် ယခုလိုလူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် လူငယ်များသည် အသိပညာဗဟုသုတများ ပိုမိုရရှိလာမည်ဖြစ်သလို စကားပြော အတတ်ပညာ ပိုမိုကျွမ်းကျင်လာပြီး လူအများရှေ့တွင် စကားရဲဝံ့စွာ ပြောဆိုတတ်လာမည့်အပြင် လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် အစဉ်လေ့လာသင်ယူခြင်း၊ ဗဟုသုတစူးစမ်းရှာဖွေခြင်း အောင်မြင်မှုများ ရရှိရေးအတွက် အမြဲမပြတ်လေ့လာကြိုးစားကြပြီး နိုင်ငံ့အကျိုးသယ်ပိုးထမ်းရွက်နိုင်မည့် သားကောင်း/သမီးကောင်းများ ဖြစ်လာအောင် ကြိုးစားကြစေလို ကြောင်း ပြောကြားသည်။

ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပညာရေးမှူး ဦးခင်ဇော်ထွန်းက ဝမ်းမြောက်စကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က လူငယ်စကားဝိုင်းကျင်းပ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် လူငယ်စကားဝိုင်းကို ကျင်းပရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်မျိုးချစ်စိတ်၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်စာပေ အစရှိသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေး ခဲ့ကြပြီး ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြကြောင်းနှင့် ဆွေးနွေးပွဲအပြီးတွင် လူငယ်စကားဝိုင်း၌ ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)