ထားဝယ်မြို့တွင်အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး စီမံကိန်းအကောင်အထည်ဖော်ရေး ကော်မတီဝင်များအား တာဝန်ပေးအပ်ပွဲနှင့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်

ထားဝယ် ဇူလိုင် ၂၁

နိုင်ငံစီးပွားဖွံဖြိုးတိုးတက်ရေးအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်၊ ဒေသခံပြည်သူလူထုများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရရှိလာစေရန်နှင့်အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရန်တို့အတွက် ပြည်ထောင်စုနယ်မြေအပါအဝင်တိုင်းဒေသကြီး /ပြည်နယ်များတွင်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများကို တနင်္သာရီတိုင်းဒေသကြီးအသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာဇူလိုင် ၂၁ရက်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ရောင်းမော်ကျေးရွာ၊ ကျွဲထရံတောင်ကျောင်းဓမ္မာရုံ၌ အသေးစား၊အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးစီမံကိန်း အကောင်အထည်ဖော်ရေးကော်မတီဝင်များအားစီမံကိန်းတာဝန်ပေးအပ်ပွဲနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးမှူး ဦးမျိုးမြင့်နိုင်က စီမံကိန်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးရလာဒ်များရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်စေရန်၊ မိသားစုဝင်ငွေ တိုးတက်မှုများရရှိရန်၊ ရာသီအလိုက် ပေါကြွယ်ဝသော ဒေသထွက်သီးနှံများနှင့် သစ်သီးဝလံများကိုအခြေခံ၍ ဖျော်ရည်နှင့်ယိုမျိုးစုံ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်တတ်ပြီး မိသားစု တစ်ပိုင်တစ်နိုင်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်လာနိုင်ခြင်းဖြင့် တစ်ဦးချင်းဝင်ငွေတိုးပွားလာစေရန်၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် ညီညွှတ်စွာထုတ်လုပ်ပြီး ဒေသတွင်း၌ ဖြန့်ဖြူးရောင်းချနိုင်ကြောင်း၊ ထို့ပြင်ပြည်ပသို့တင်ပို့နိုင်ရန် အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်ပြီး သင်တန်းမှရရှိသော နည်းပညာများ ကိုအသုံးပြု၍အိမ်တွင်းမှုလုပ်ငန်းများထူထောင်နိုင်ရန် ကြိုးစားကြရမည်ဖြစ်ပြီး ဌာနမှလည်း လိုအပ်သည်များ ပံ့ပိုးကူညီ သွား  မှာဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ တာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များထံသို့ စီမံကိန်း စာစောင်၊ အင်္ကျီများနှင့် ဦးထုပ်များပေးအပ်သည်။

သင်တန်းတွင် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ရီရီလွင်နှင့် ဒုတိယဦးစီးမှူး ဒေါ်ဆုသက်ဌေးတို့က သင်တန်းသား(၁၀)ဦးအားသစ်သီးများ ပျက်စီးရခြင်းအကြောင်းအရင်းများ၊ သီးနှံတာရှည်ခံ ပြုပြင်ထုတ်လုပ်နည်းလမ်းများ၊ စားသောက် ကုန်ဓါတုဆေးဝါးများအကြောင်း၊ ဒေသထွက်သီးနှံများကိုအခြေခံ၍ နာနတ်သီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်၊ သံပုရာဖျော်ရည်၊ ဖရဲသီး ဖျော်ရည်၊ ပျားဖျော်ရည်၊ မရမ်းသီးခြောက်ယို၊ သင်္ဘောသီးယို၊ ခရမ်းချဉ်သီးယို၊ ရှောက်တစ်လုံးယိုနှင့် ကျောက်ဖရုံယို စသည့်တန်ဖိုးမြှင့်ထုတ်ကုန်များကိုဇူလိုင် ၂၅ ရက်နေ့အထိ စာတွေ့ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)