ထီးချိုင့် ဇူလိုင် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ လူငယ်နဲ့ အခွင့်အလမ်းစာအုပ်မှ လူ့တန်ဖိုးခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီ အချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကို နားလည်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ်ဗဟုသုတများရရှိလာစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်က တန်ဖိုးရှိတဲ့ လူတစ်ယောက်ဟာ ဆင်းရဲလို့အဝတ်အစား နွမ်းနွမ်းပါးပါးဝတ်ထားလို့ ဆိုပြီး လူ့တန်ဖိုးယုတ်လျော့မသွားပါဘူး။ လူ့တန်ဖိုးကို ချမ်းသာတာ၊ ငွေသုံးဖြုန်းနိုင်တာ အဝတ်အစားကောင်းတာညံ့တာနဲ့ မသတ်မှတ်ကြပါဘူး၊ လူတစ်ယောက်ရဲ့ အကျင့်သီလ၊ ရိုးသားဖြောင့်မတ်မှု၊ အများအကျိုးဆောင်မှု၊ အနစ်နာခံမှု စွန့်လွှတ်မှု၊ သူ့ရဲ့လုပ်ဆောင်ချက်အပြုအမှု၊ အပြောအဆို၊ သဘောထား ခံယူချက်မြင့်မားမှုတွေကသာ တန်ဖိုးအဖြစ် တိုင်းတာသတ်မှတ်ကြတာပါ စသည့် အကြောင်းအရာများ ဆွေးနွေးခဲ့ရာ ကျန်ဝန်ထမ်းမှလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရပါသည်။
ရဲလင်းထွန်း (ထီးချိုင့်)