ဝါးခယ်မ ဇူလိုင် ၂၁
အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အ.လ.က(၂) ဝါးခယ်မမြို့ကျောင်း၌ လူငယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီလွင်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝါးခယ်မမြို့နယ်မှ မြို့နယ်အားကစားမှူး ဒေါ်ဖြူနှင်းဖွေး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ရှေးဦးစွာ မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုးမှ ကလေးသူငယ်များအား စားသုံရန်မသင့်သည့် အစားအစာများနှင့် ဆိုးဆေးများစွာပါဝင်သည့် အစားအစာများအကြောင်း ရှင်းလင်း ပြောကြားပြီး မြို့နယ်အားကစားမှူး ဒေါ်ဖြူနှင်းဖွေးမှ လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ ခေါင်းဆောင်တစ်ဦး၏ ရှိသင့်ရှိထိုက်သည့် အရည်အချင်းများနှင့် ခေါင်းဆောင်တို့ပြည့်စုံရမည့် နာယကဂုဏ်(၆)ပါး စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီရီလွင်မှ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား "အသိပညာမြင့်မားဖို့စာဖတ်ကြပါစို့" ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ စာပေ ဖတ်ရှုလေ့လာခြင်းသည် အသိဥာဏ်ပညာဗဟုသုတများစွာ တိုးပွားစေခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ခြင်း၊ မူးယစ်ဆေးဝါးများအား ရှောင်ကြဉ်ရန်၊ မသုံးစွဲရန်၊ လူကုန်ကူးခြင်းဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ဆွေးနွေးရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး၊ လူကုန်ကူခြင်းဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်နှင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များအားပြသခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)