လှိုင်းဘွဲ့ ဇူလိုင် ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ လူငယ်များအသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် လစဉ်စာဖတ်ဝိုင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသော ရိုးရိုးကျင့်မြင့်မြင့်ကြံ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က မိမိမြို့နယ်အတွင်း ခေတ်ပညာတတ်များ ပေါ်ထွန်းလာစေရန်နှင့် အသိပညာဗဟုသုတ ကြွယ်ဝသော လူငယ်များဖြစ်လာစေရန်အတွက် စာဖတ်ခြင်းသည် အဓိကဖြစ်ကြောင်း၊ တစ်ယောက်နှင့်တစ်ယောက် အသိဗဟုသုတများ မျှဝေဖလှယ်နိုင်စေရန်အတွက် စာဖတ်ဝိုင်းများကို လစဉ်ဆောင်ရွက်ပေးခြင်းနှင့် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးသန်းထွန်းက ဦးဆောင်ကာ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသော ရိုးရိုးကျင့်မြင့်မြင်ကြံ စာအုပ်ထဲမှ အောင်မြင်ရေးနီတိ(၇၅)ချက်၊ ပေါင်းသင်းဆက်ဆံရေး၊ ပတ်ဝန်းကျင်နှင့်မိမိ၊ ရိုးရိုးကျင့်မြင့်မြင့်ကြံ၊ စကားပြောဆိုတတ်ခြင်း အရည်အချင်း စသည့်အကြောင်း အရာများကို (Book Club) အဖွဲ့ဝင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်း ဆောင်ရွက်ခြင်းအားဖြင့် အောင်မြင်ကြီးပွားသူတစ်ယောက်ဖြစ်ဖို့အတွက် လိုအပ်သော ဇွဲ၊ လုံ့လ၊ ဝီရိယရှိခြင်း၊ အောင်မြင်သူတို့သည် အသက်အရွယ်မဟုတ်ဘဲ အမြဲကြိုးစားအားထုတ်ခြင်း၊ အရးကြီးသောကိစ္စများကို တစ်စိုက်မတ်မတ် ဦးစားပေးဆောင်ရွက်ခြင်း၊ အကြိမ်များစွာ နည်းလမ်းမျိုးစုံ ကြံဆကြိုးစားခြင်း၊ အသိပညာဗဟုသုတပြည့်စုံပြီး အခွင့်အရေးကောင်းများကို အသုံးချခြင်း၊ စိတ်အားထက်သန်မှုရှိခြင်း၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး လူချစ်လူခင်ပေါများခြင်းတို့ကို နားလည် သိရှိသွားမည်ဖြစ်ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)