မုံရွာမြို့နယ်တွင် စိုက်ပျိုးရေးတောင်သူများ အခက်အခဲမရှိစေရေး စိုက်ခင်းများအရောက် နည်းပညာပေးလုပ်ငန်းများ နေ့စဉ်လုပ်ဆောင်ပေး

မုံရွာ အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ တဲကြီးကုန်း၊ အင်တိုင်း၊ ရေကန်စုနှင့် ကန်ပြား ကျေးရွာများသို့ စိုက်ပျိုးရေးလုပ်ငန်းများကို ထိခိုက်မှုမရှိစေရေး ယနေ့တွင် စိုက်ခင်းများ အရောက် သွားရောက်ကာ စိုက်ပျိုးနည်းစနစ် ပညာပေးလုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ ကြောင်း မုံရွာမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည်ထံမှ သိရ သည်။

စိုက်ပျိုးနည်းစနစ်ပညာပေးသည့် အစီအစဉ်အဖြစ် လက်ရှိစိုက်ပျိုးထားသော သီးနှံများ၏ အခြေအနေကို ကြည့်ရှုခြင်း၊ သွင်းအားစု ထည့်သွင်းရန်၊ ရောဂါပိုမွှားကျရောက်မှုအခြေအနေ၊ ကာကွယ်နှိမ်နှင်းရေး နည်းလမ်းများကို တောင်သူတစ်ဦးချင်းနှင့်ထိတွေ့ပြီး အသိပညာ ပေးခြင်း၊ လက်တွေ့ လုပ်ဆောင်ပေးခြင်းနှင့် သဘာဝပိုးသတ်ဆေး ဖော်စပ်နည်းနှင့် သဘာ၀မြေဆွေး ပြုလုပ်နည်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

“တောင်သူတွေ စိုက်ခင်းထဲအရောက်သွားပြီး အသိပညာပေးတာတွေ စက်တင်ဘာလ တတိယပတ် ကစပြီးနေ့စဉ်လုပ်ဆောင်နေတယ်၊ အဲဒိလိုလုပ်တဲ့အခါမှာ တောင်သူတွေရဲ့ စိုက်ခင်းတွေထဲအရောက်သွားပြီး တောင်သူတွေစိုက်ပျိုးနေတဲ့ သီးနှံတွေအောင်မြင် ဖြစ်ထွန်းမှု အခြေအနေ၊ အပင်ဖြစ်ထွန်းဖို့ရာ လိုအပ်တဲ့အာဟာရ ဓာတ်အသုံးပြုမှု အကြောင်းတွေ ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းရေး လုပ်ငန်းနည်းစနစ်တွေ သဘာဝပိုးသတ် ဆေးနဲ့ သဘာ၀မြေသြဇာ ပြုလုပ်နည်း၊ သုံးစွဲနည်းစနစ်တွေကို တောင်သူတွေနဲ့တွေ့ဆုံပြီး အသိပညာပေးတာတွေ လုပ်ဆောင်ပေးနေပါတယ်” ဟု မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည် ကပြောသည်။

မုံရွာမြို့နယ်အတွင်း စိုက်ခင်းများအရောက် စိုက်ပျိုးနည်းစနစ်ပညာပေးခြင်း လုပ်ငန်းများကို စက်တင်ဘာလ (၂၂) ရက်နေ့မှ စတင် လုပ်ဆောင်ပေးလျက်ရှိရာ အောက်တိုဘာလ (၁၂) ရက်နေ့က မြို့နယ်အတွင်းရှိ အလုံ၊ စစ်ပင်၊ ကံကြီး၊ ဖန်ခါးကျင်း၊ ကြီးဗဒုံကျေးရွာနှင့် ရေအိုးစင် ကျေးရွာများသို့ ကွင်းဆင်း လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)