ပခုက္ကူမြို့၌ အာမခံအလုပ်သမားထိခိုက်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ထုတ်ပေး

ပခုက္ကူ ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားတစ်ဦး၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။

အခမ်းအနားတွင် ပခုက္ကူမြို့နယ် လူမှုဖူလုံရေးရုံးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်ထွေးက ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ထုတ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ကမ္မမြို့၊ ပထမပုဂ္ဂလိကဘဏ်မှ အာမခံအလုပ်သမား ဦးသိန်းမြင့်အောင်၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ၁၀၆၀၀၀၀၀ အား ၎င်း၏ဇနီး ဒေါ်မာမာဌေးထံ ပေးအပ်ကြသည်။

ပခုက္ကူမြို့နယ် လူမှုဖူလုံရေးရုံးအနေဖြင့် ၂၀၂၃ခုနှစ်၊ ဧပြီလမှစတင်ပြီး မကျန်းမာမှု(၂၆၄)ဦး၊ မီးဖွားမှု(၃၀)ဦး၊ မီးဖွားစရိတ် (၃၀)ဦး၊ ဇနီးမီးဖွားစရိတ် (၁၀)ဦး၊ ဖခင်ဘဝဖြစ်မှု (၁၆)ဦး၊ နာရေးစရိတ် (၄)ဦး၊ ယာယီမသန်စွမ်းမှု(၁)ဦး၊ အမြဲတမ်းသန်စွမ်းမှု (၂)ဦး စသည့်အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမား (၃၅၇)ဦးတို့အတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့် စုစုပေါင်း ငွေကျပ်(၂၂၃၀၈၂၈၅)တို့ကို အသီးသီးထုတ်ပေးပြီးဖြစ်ကြောင်း အဆိုပါရုံးတာဝန်ခံက ပြောသည်။

ဘာမီသာ(ပခုက္ကူ)