လပွတ္တာမြို့နယ်၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

လပွတ္တာ ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အောင်တော်မူစေတီတော်မြတ်ကြီး၏ တာဝတိံသာအရုဏ်ခံ တန်ဆောင်းတော်ကြီးအတွင်း၌ လပွတ္တာခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များက လပွတ္တာမြို့ပေါ်ရှိ ကျောင်းတိုက်ပေါင်း (၄၆) ကျောင်းတွင်သီတင်းသုံးလျက်ရှိသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ် (၃၄၈) ပါးတို့အား စုပေါင်းဝါဆိုမြတ်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကိုယနေ့နံနက် ၉ နာရီချိန်က ကျင်းပခဲ့သည်။
အခမ်းအနားသို့ နိုင်ငံတော်ဝိနည်းဓိုရ် ဩဝါဒစရိယ၊ နိုင်ငံတော်ဗဟိုဝန်ဆောင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကေသရ၊လပွတ္တာမြို့နယ်သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ၊ သရက်တောပရိယတ္တိစာသင်တိုက်၏ ပဓာန နာယကဆရာတော်ဖြစ်တော်မူသော ဘဒ္ဒန္တသုစိတ္တ (ဂန္တဝါစကပဏ္ဍိတ)၊ သန်လျင်မြို့စတုဒိသာနယ်လှည့်သစ္စာအဓိဋ္ဌာန် နတ်စင်တရာဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ ပညာတေဇတို့အမှူးပြုသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ် (၃၄၈) ပါးကြွရောက်ကြသည်။
အခမ်းအနားကိုနမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီးလပွတ္တလုပ်တောင်ကျေးရွာအုပ်စု၊ ဘုရားကြီးကျောင်းတိုက် ဆရာတော်နိုင်ငံတော်ဝိနည်းဓိုရ် ဩဝါဒစရိယ၊ နိုင်ငံတော်ဗဟိုဝန်ဆောင်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တကေသရ ဆရာတော်အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ဆက်လက်၍ကြွရောက်လာတော်မူသည့်ဆရာတော်၊ သံဃာတော်များမှ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့သည်။ ယင်းနောက် ဆရာတော်သံဃာတော်များထံ လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်နှင့် ဇနီးတို့ကဝါဆိုမြတ်သင်္ကန်းနှင့် ဝတ္ထုငွေ၊ ဝါဆိုဖယောင်းတိုင်တို့အား လပွတ္တာမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သရက်တောပရိယတ္တိစာသင်တိုက်၏ ပဓာန နာယကဆရာတော်
ဘဒ္ဒန္တသုစိတ္တ (ဂန္တဝါစကပဏ္ဍိတ) ထံသို့လည်းကောင်း၊ လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)၊ ဒုတိယဗိုလ်မှူးကြီးဝင်းမင်းဦးက ဝါဆိုမြတ်သင်္ကန်းနှင့် ဝတ္ထုငွေတို့အား နိုင်ငံတော်ဝိနည်းဓိုရ်ဩဝါဒစရိယ၊ နိုင်ငံတော်ဗဟိုဝန်ဆောင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကေသရထံသို့လည်းကောင်း၊ လပွတ္တာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးသူရက ဝါဆိုမြတ်သင်္ကန်းနှင့်ဝတ္ထုငွေတို့အား သန်လျင်မြို့စတုဒိသာ နယ်လှည့်သစ္စာအဓိဋ္ဌာန် နတ်စင်တရာဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာတေဇထံသို့လည်းကောင်း၊ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသော တာဝန်ရှိသူများနှင့် အလှူရှင်များမှ ဝါဆိုမြတ်သင်္ကန်းနှင့် ဝတ္ထုငွေတို့အား ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်(၃၄၈)ပါးတို့အား တစ်ပါးချင်းစီအလိုက်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အခမ်းအနားသို့ လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ အစိုးရမဟုတ်သောလူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ၊ စုစုပေါင်း အင်အား(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)