မြို့သစ် ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ ဌာနဆိုင်ရာရုံးများ၊ လူနေအိမ်များသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာရုံးများရှိ အုတ်ကန်၊ ရေစည်ပိုင်း၊ သံပေပါများထဲသို့ အဘိတ်ဆေးခပ်ခြင်း၊ ရေတင်ကျန်နိုင်သည့် နေရာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခြင်၊ ယင်မပေါက်ပွားနိုင်အောင် ပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်ညွန့်ညွန့်ကြည်နှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်မျိုးသူနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လိုက်ပါ၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)